၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ထားတဲ့ မြို့ခုနစ်မြို့မှာ ညမထွက်ရအမိန့်ကို ပယ်ဖျက်လိုက်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မတ်လ ၆ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ထားတဲ့ အဲဒီမြို့တွေမှာ ည ၉ နာရီကနေ မနက် ၆ နာရီ၊ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်တွေကို (TNLA) ဘက်က သတ်မှတ်ခဲ့တာပါ။
လက်ရှိ အဲဒီမြို့တွေမှာ လုံခြုံရေးနဲ့ စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေ တိုးတက်လာပြီဖြစ်တာကြောင့် ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ပယ်ဖျက်လိုက်တာလို့ (TNLA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကလအတွင်း ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ ကျောက်မဲမြို့နယ်ထဲက မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့တွေကို (TNLA) တပ်ဖွဲ့က သိမ်းပိုက်ထားတာပါ။
စစ်ကောင်စီကလည်း အဲဒီအထဲက နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့နယ်သုံးခုကို မတ်လ ၄ ရက်နေ့မှာပဲ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။
ဒါဟာ (TNLA) ထိန်းချုပ်ဒေသအတွင်းက လူထုကို အထိတ်တလန့်ဖြစ်အောင် စစ်ကောင်စီဘက်က လုပ်ဆောင်တာဖြစ်တယ်လို့လည်း (TNLA) က ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းကမြို့ ၁၆ မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်ထားပြီး မဘိမ်မြို့နယ်ကိုတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထားပါတယ်။
စစ်ကောင်စီကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းထဲက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေ အပါအဝင် စုစုပေါင်းမြို့နယ် ၁၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။