တပ်မတော်က ဖမ်းဆီးသွားပြီးနောက် သေဆုံးခဲ့တဲ့ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် ဒေသခံ သုံးယောက် အမှုအတွက် တရားမျှတမှုရရှိဖို့နဲ့ အမှန်တရားပေါ်ပေါက်ဖို့ အရပ်ဘက် အဖွဲ့အစည်း ၇၀ က စက်တင်ဘာလ ၁ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။
ပြစ်မှုကျူးလွန်သူကို အများပြည်သူရှေ့မှာ ပွင့်လင်းမြင်သာစွာ အပြစ်ပေး အရေးယူဖို့၊ ဒီကိစ္စကို အမြန်ဆုံး စစ်ဆေးပေးဖို့အပါအဝင် အချက် ၇ ချက်ကို တောင်းဆိုထားတယ်လို့ ရှမ်းပြည်နယ်က အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ တအာင်းအမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးချှီဆငါးက RFA ကို ပြောပါတယ်။
တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ထုတ်ပြန်တဲ့ ဩဂုတ် ၂၆ ရက်နေ့ ကြေညာချက်မှာတော့ ဒေသခံ သုံးယောက်ကို တပ်မ ၉၉ က ဖမ်းဆီးသွားတယ်လို့ ဖော်ပြထားပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ်တွေကို တွေ့ဆုံမေးမြန်းခဲ့တဲ့ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးကြီး လှမိုးဆိုသူက ပြစ်မှု ကျူးလွန်တယ်လို့ စိစစ်တွေ့ရှိရရင် တပ်က အရေးယူပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သြဂုတ် ၃၁ ရက်နေ့မှာတော့ တပ်မမှူးရဲ့ ကိုယ်ရေးအရာရှိ ဆိုသူက ဖုန်းနဲ့ဆက်သွယ်လာပြီး မှတ်တမ်းတွေအရ အခင်းဖြစ်ပွားတဲ့နေ့မှာ တပ်မ ၉၉ အနေနဲ့ လှုပ်ရှားမှု မရှိခဲ့ကြောင်း၊ အောက်ခြေကလည်း အစီရင်ခံမှု မရှိကြောင်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရွာသားသုံးဦးဟာ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က တပ်မ ၉၉ ရဲ့ ဖမ်းဆီးတာခံရပြီးနောက် ၃ လကြာ ပျောက်ဆုံးနေပြီး သြဂုတ် ၂၀ ရက်နေ့မှာ ရွာသားအချို့က အလောင်းတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားသူတွေဟာ မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ်စု၊ မိုင်းဆတ်ရွာသစ်က အသက် ၄၀ အရွယ် ဦးညီလိတ်၊ မန်ကန်ရွာက အသက် ၂၈ နှစ်အရွယ် မိုင်ညီထွန်း၊ နမ့်ခမ်းမြို့ လွယ်မွန်ရွာက မိုင်းအလုံတို့ဖြစ်ပါတယ်။