စစ်ခေါင်းဆောင်ကို ဝေဖန်ပြောဆိုလို့ ဦးကြည် ထောင်ဒဏ် ဆယ်နှစ် ထပ်ချမှတ်ခံရ

ဦးကြည်ဟာ သွေးလေးဘက်နာရောဂါကို ခံစားနေရပြီး ထောင်တွင်းဆေးရုံမှာ မကြာခဏပြသနေရ။

ရန်ကုန်မြို့က ထမင်းချိုင့်လပေးရောင်းချသူတစ်ဦးဖြစ်တဲ့ ဦးကြည်ကို စစ်တပ်ခန့် အစိုးရရဲ့ မရမ်းကုန်းခရိုင်တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ဇွန်လ ၂၅ ရက်နေ့မှာ ထောင်ဒဏ် ဆယ်နှစ် ထပ်မံချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဦးကြည်ဟာ အွန်လိုင်းစာမျက်နှာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝေဖန်ပြောဆိုမှုနဲ့ အခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်အထိ ချမှတ်ခံထားရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဦးကြည်ဟာ သွေးလေးဘက်နာရောဂါကို ခံစားနေရပြီး ထောင်တွင်းဆေးရုံမှာ မကြာခဏပြသနေရတယ်လို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“မရမ်းကုန်းခရိုင်တရားရုံးမှာ ဒီနေ့(ဇွန်လ ၂၅ ရက်) ၅၀-ည အတွက် ၁၀နှစ်အမိန့်ချလိုက်တာပါ။ အရှေ့က သုံးနှစ်နဲ့ပေါင်းရင် ၁၃ နှစ်ဖြစ်သွားတာပေါ့။ ကျန်းမာရေးကတော့ ထောင်ဆေးရုံခဏခဏတက်နေရတယ်။ သွေးလေးဘက်နာရောဂါရော တခြားဟာတွေရောကြောင့်ရောပေါ့နော်။ ကျန်းမာရေးကိုတော့ မိသားစုက စိတ်ပူနေရတာပေါ့”

ဦးကြည်မျိုးဇော် (ခေါ်) ဦးကြည်ဟာ စစ်တပ်အာဏာမသိမ်းခင်က ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ၅၈ ယာဉ်လိုင်းမောင်းနှင်သူ တစ်ဦး ဖြစ်ပြီး စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က) နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရပြီး ၂၀၂၃ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

အကျဉ်းထောင်ကနေ လွတ်မြောက်ပြီးနောက် မိသားစုနဲ့အတူ ရန်ကုန်မြို့တွင်း ထမင်းချိုင့်လပေး ရောင်းချနေသလို တစ်ဖက်ကလည်း ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်ဝင်စာအစားအသောက် ကူညီပေးနေတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ဇွန်လ ၂၅ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်နဲ့ အရပ်သား ပြည်သူ ၃၁,၂၄၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။