အွန်လိုင်းမှာလွတ်လပ်စွာရေးသားပြောဆိုလို့အဖမ်းခံရတဲ့ ဦးကြည်

ဦးကြည်ဟာ ထောင်ဆေးရုံမှာမကြာခဏပြရတယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူတစ်ယောက်က RFA ကိုပြောပါတယ်။

အခုတွေ့ရတဲ့သူက ဦးကြည် လို့ အွန်လိုင်းပေါ်မှာလူသိများနေတဲ့ အသက် ၅၀ ကျော်အရွယ် ရန်ကုန်မြို့က ဦးကြည်မျိုးဇော် ဖြစ်ပါတယ်။ သူဟာ ထမင်းဟင်းချက်ပြီး လပေး နဲ့ရောင်းရင်း မိသားစုကိုလုပ်ကိုင်ကြွေးမွေးနေတဲ့သူဖြစ်ပါတယ်။ တဖက်မှာလည်း နိုင်ငံရေးအကျဥ်းသားတွေအတွက် ထောင်ဝင်စာအစားအသောက်ကူညီနေတဲ့သူလို့သိရပါတယ်။

သူက ဒီနှစ်ဆန်းဇန်နဝါရီလ ၅ ရက်နေ့ကတည်းက အဖမ်းခံထားရပါတယ်။ သူ ဘာကြောင့်အဖမ်းခံရတာလဲ ဆိုတာနဲ့ ပတ်သက်လို့ Justice Network For Political Prisoners – JNPP ရဲ့တာဝန်ခံ မယုမိစံက RFA ကိုပြောပြပါတယ်။

“စီးပွားရေးကြပ်တည်းတာတွေ၊ အစားအစာရှားပါးတာတွေ၊ ပြည်သူတွေအခုလက်ရှိအနေထားအရ ဒုက္ခရောက် နေတောတွေကို သူက ဆောင်းပါးရိတ်ချေ အဲဒီလိုလေးတွေရေးတယ်။ ဒါပေမဲ့ သူ့ကို အမြဲတမ်းစောင့်ကြည့်နေ တယ်ပေါ့နော်။ ဗင်နီဇွဲလားသမ္မတကို အမေရိကန်ကလာပြီးခေါ်သွားတဲ့ဟာကို သူက အဲသမ္မတကို ခေါ်သွားတာ တို့ဆီကလူကျဘာလို့ မခေါ်တာလဲပေါ့။ အဲလိုပုံစံမျိုးရေးလိုက်တာပါ။ ရေးလိုက်တဲ့ဟာကို သူ့ကို လာဝိုင်းပြီး ဖမ်းသွားတယ်ပေါ့"

“ဦးကြည်ကိုစောင့်ကြည့်နေတဲ့လူတွေရှိတယ်။ ဒါပေမဲ့ ဦးကြည်လဲကျတဲ့အချိန်ဝိုင်းကိုက်ဖို့တော့မဟုတ်ဘူး။ ဦးကြည်တခုခုဖြစ်ရင် ကူညီဖို့၊ စောင့်ရှောက်ဖို့။ စောင့်ကြည့်နေတဲ့သူတွေကိုကရှိတယ်”

အာဏာမသိမ်းခင်က ဦးကြည်ဟာ ရန်ကုန်မြို့က YBS - ၅၈ ယာဉ်လိုင်းရဲ့ဒရိုင်ဘာတစ်ယောက်ပါ။ နေပြည်တော် မှာ မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရပြီးသေသွားတဲ့ဖြစ်ရပ်ကစလို့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် စစ်အာဏာသိမ်းဆန့်ကျင်ရေးတွေမှာ ဦးကြည်ပါခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့်ပဲ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅-က နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ် ခံရပြီး အင်းစိန်အကျဉ်းထောင်မှာနေခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပြန်လွတ်လာတဲ့အချိန်မှာ ကျန်းမာရေး မကောင်း တဲ့ ဇနီးနဲ့အတူ ထမင်းချိုင့်ဆွဲ လပေးရောင်းချတဲ့လုပ်ငန်းနဲ့ သက်မွေးဝမ်းကျောင်းခဲ့တာြဖစ်ပါတယ်။ တဘက် မှာလဲ ဘဝတူနိုင်ငံရေးအကျဥ်းသားတွေကို သူကမေ့မထားပဲ ထောင်ဝင်စာကူညီခဲ့တယ်လို့ နိုင်ငံရေးအကျဉ်း သားဟောင်း တစ်ယောက်က ပြောပြပါတယ်။

“ထောင်ဝင်စာဆိုလည်း မကြာခဏပို့ပေးတယ်။ ဟင်းအခြောက်တွေပေါ့နော်။ အကုန်လုံးစာကို ချက်ပြုတ်ပို့ ပေးတာ။ သူလွတ်သွားပေမဲ့ ကျန်နေခဲ့သူတွေကို သူမမေ့ဘူး။ တစ်ခန်းထဲနေခဲ့ရတော့ ဦးကြည်ရဲ့ စိတ်ဓာတ် ပြတ်သားမှုကိုသိတယ်။ မဟုတ်မခံတဲ့သူမျိုးပေါ့။ အထဲမှာဆိုလည်း လူချစ်လူခင်များတယ်။ စက်ပစ္စည်းတွေဘာတွေလည်း ပြင်တက်တော့ ထောင်ဝန်ထမ်းတချို့ဆိုသူ့ကိုပြင်ခိုင်းတာတွေရှိတယ်”

အခုတော့ စစ်ကော်မရှင်တပ်က လှိုင်မြို့နယ်ရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ ထပ်ပြီးတရားစွဲတာခံထားရပါတယ်။ ဦးကြည်ဟာ ထောင်ဆေးရုံမှာ ခဏခဏပြရတယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူတစ်ယောက်က RFA ကိုပြောပါတယ်။

“ဦးကြည်ကျန်းမာရေးမကောင်းဘူး။ထောင်ဆေးရုံမှာလည်း ဆေးကုသမှုခံယူနေရတယ်။ အပြင်ကနေလည်း ဆေးတွေပို့ပေးနေရပါတယ်။ သူ့ရဲ့အဓိကရောဂါက နှလုံးသွေးလွှတ်ကြောတွေကျဉ်းတာရယ်။ လေးဘက်နာရောဂါရယ်။ နောက်ပြီးတော့ ပထမတခါ စစ်ကြောရေးတုန်းကထိထားတော့ ကျောက်ကပ်ကသိပ်အလုပ်မလုပ်တော့ဘူးလေ”

ကျန်နေခဲ့တဲ့ဇနီးကလည်း ကျန်းမာရေးမကောင်းတဲ့အတွက် လုပ်ငန်းရပ်ထားရပြီး စားဝတ်နေရေး ခက်ခဲနေ တယ်လို့ သူကပြောပါတယ်ရှင်။