တပ်ရင်းမှူး ပုလဲမောင် ပစ်သတ်ခံရမှုနဲ့ ယင်းမာပင်ခရိုင်တာဝန်ရှိသူတွေကို တာဝန်ရပ်ဆိုင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးအပါအဝင် ခရိုင်စစ်ဌာန တာဝန်ရှိသူအားလုံးကို တာဝန်ကနေ ယာယီရပ်ဆိုင်းပြီး လက်နက်ဖြုတ်သိမ်းထား။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၆) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းမှူး ပုလဲမောင် ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးအပါအဝင် ခရိုင်စစ်ဌာန တာဝန်ရှိသူအားလုံးကို တာဝန်ကနေ ယာယီရပ်ဆိုင်းပြီး လက်နက်ဖြုတ်သိမ်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တပ်ရင်းမှူး ပုလဲမောင် ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး ဇွန်လ ၂၇ ရက်နေ့က စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းကာ ဒေသတွင်း ဩဇာလွှမ်းမိုးမှု မရှိစေဖို့ ယင်းမာပင်ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို တာဝန်ကနေ ယာယီရပ်ဆိုင်းပြီး တိုင်းစစ်ဌာနရဲ့ အနီးကပ်ကြီးကြပ်မှုအောက်မှာ ထားရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တပ်ရင်းမှူး ပုလဲမောင်ကို ပစ်ခတ်ခဲ့သူကိုလည်း ခရိုင် ဗဟိုစစ်အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဇွန်လ ၂၆ ရက် မွန်းလွဲပိုင်းက ယင်းမာပင်မြို့နယ်မှာ ခရိုင်စစ်ဌာန အစည်းအဝေးတက်ဖို့ စောင့်နေတဲ့ အမှတ် (၆) တပ်ရင်းမှူး ပုလဲမောင်ကို ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိက ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၃ဝရက်နေ့ ထုတ်ပြန်ချက်အရ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးက စတင်စစ်ဆေးနေပြီဖြစ်သလို စုံစမ်းတွေ့ရှိချက်တွေအပေါ် မူတည်ကာ စစ်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ သက်ဆိုင်သူတွေကို စစ်တရားရုံး ဒါမှမဟုတ် စစ်ခုံရုံးတင် စစ်ဆေးစီရင်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စုံစမ်းစစ်ဆေးနေတဲ့ကာလအတွင်း ယင်းမာပင်ခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်က တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကွပ်ကဲသွားမယ်လို့ ပါရှိပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ကျူးလွန်တဲ့သူတွေကို ဘယ်သူပဲဖြစ်ဖြစ် စည်းမျဉ်းတွေအတိုင်း အရေးယူဖို့ လိုအပ်တယ်လို့ RFA ကို ပြောပါတယ်။

“ဒီဖြစ်စဉ်မှာ စစ်ရုံးချုပ်က ခရိုင်ကွပ်ကဲရေးမှူးအပါအဝင် တာဝန်ရှိသူတွေကို ယာယီတာဝန်ရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းတာက အဖွဲ့အစည်းအတွင်း တာဝန်ခံမှုရှိကြောင်း ပြသတဲ့ ခြေလှမ်းတစ်ခုလို့ မြင်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေ ယုံကြည်နိုင်ဖို့ဆိုရင် စုံစမ်းစစ်ဆေးမှုရလဒ်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပြီး ကျူးလွန်သူ ဘယ်သူပဲဖြစ်ဖြစ် စည်းမျဉ်းဥပဒေအတိုင်း အရေးယူဖို့ လိုပါတယ်။ သူ့လူ၊ ငါ့လူဆိုပြီး ကာကွယ်ပေးနေရင် အဖွဲ့အစည်းအပေါ် ယုံကြည်မှု ထိခိုက်လာနိုင်ပါတယ်”

အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးဖို့ PDF တပ်ရင်း၊ တပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။