အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက စစ်မက်နဲ့ လူသားချင်းစာနာမှု ဆိုင်ရာပြဿနာကို ဖြေရှင်းနိုင်ဖို့ မြန်မာ့နိုင်ငံရေးမှာ ပါသင့်ပါထိုက်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံရေး ထူထောင်လိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဒီဆိုဘရီ (Michael DeSombre) က ပြောကြားလိုက်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့က အမေရိကန်အောက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဆပ်ကော်မတီကြားနာပွဲမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ ငါးနှစ်တာမှာ အမေရိကန်နိုင်ငံခြားရေးဌာနမူဝါဒတွေဟာ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နှစ်များစွာ ကြာလာသည့်တိုင် မရပ်တန့်နိုင်ခဲ့ကြောင်း၊ အခုလက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့နဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ ဒုစရိုက်လုပ်ငန်းတွေအပါအဝင် လူသန်းပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်စေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေဖြေရှင်းနိုင်ဖို့အတွက်၊ အမေရိကန် ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို တိုက်ရိုက်အကျိုးရှိစေမယ့် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ ဆက်ဆံဖြေ ရှင်းသွားဖို့ တံခါးဖွင့် နည်းလမ်းရှာနေပါတယ်”လို့လည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒီကြားနာပွဲဟာ အမေရိကန်အကျိုးစီးပွားဦးစားပေးမူဝါဒ အကောင်အထည်ဖော်ရေးကို အဓိကထား ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကြားနာပွဲအစမိန့်ခွန်းမှာပဲ ဆပ်ကော်မတီဥက္ကဋ္ဌ ရန်းကင် (Young Kim) မြန်မာနိုင်ငံက ပြည်တွင်းစစ် ချုပ်ငြိမ်းရေးကိစ္စကို ထည့်သွင်းမေးခဲ့ပါတယ်။
အဲဒီနောက်မှာ ကာလီဖိုးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် အမီ ဗီရာ (Ami Bera) က မြန်မာနိုင်ငံက ပြည်တွင်းစစ်ပဋိပက္ခနဲ့ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ နိုင်ငံခြားရေး ဌာနက လုပ်ဆောင်နေတဲ့ အခြေအနေတွေကို မေးမြန်းခဲ့အပြီး အခုလို နိုင်ငံခြားရေးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ဖြေကြားခဲ့တာဖြစ်ပါတယ်။
