NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ကုလသမဂ္ဂကို နိုင်ငံတကာကုန်သွယ်ရေးသမဂ္ဂတောင်းဆို

ကုလသမဂ္ဂအနေနဲ့ စစ်တပ်ကအာဏာသိမ်းပြီး ဒီမိုကရေစီ ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရအောင် လုပ်ဆောင်ပေးဖို့ နိုင်ငံတကာ ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ IUF က တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့ကို ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ထားတဲ့အတွက် အဲဒီရက်အထိမ်းအမှတ်အနေနဲ့ တောင်းဆိုတာပါ။

လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုပြီး၊ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီ (SAC) ကို အသိအမှတ်မပြုဖို့ နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိရာထူးမှာ ဆက်လက်ထားရှိဖို့ IUF အဖွဲ့ရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ ကော်မတီက စက်တင်ဘာလ ၉ ရက်က ကြေညာချက် ထုတ်ပြန် တောင်းဆိုထားတာ ဖြစ်ပါတယ်။

IUF အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ စစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ NUG ကို အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ပေမယ့်၊ ကုလသမဂ္ဂဟာ ပြတ်ပြတ်သားသား မဆုံးဖြတ်ခဲ့တဲ့အကြောင်း၊ အဲဒီနောက် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်ရာမှာ ပိုအတင့်ရဲလာပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို အမှန်တကယ် သေဒဏ်စီရင်လိုက်တဲ့အကြောင်း၊ ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ဝင်တွေ အပါအဝင် အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးထောင်ချခဲ့တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အနေနဲ့ NUG ကို အသိအမှတ်ပြုဖို့ နှောင့်နှေးနေမယ်ဆိုရင် စစ်ကောင်စီဟာ ပိုအတင့်ရဲလာပြီး၊ အရပ်သား ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေ ပိုလုပ်လာလိမ့်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။