ဂျပန်သတင်းထောက် ထောင်သုံးနှစ် ထပ်မံချမှတ်ခံရ
မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဂျပန်နိုင်ငံသား သတင်းထောက် တိုရူကူဘိုတာကို စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် သုံးနှစ် ထပ်မံချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ဒုတိယအကြီးအကဲ Tetsuo Kitada က အေပီသတင်းကို ပြောပါတယ်။
သူ့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ (၅ဝ၅-က)၊ အီလက်ထရွန်နစ် ဥပဒေပုဒ်မ(၃၃-က) တို့နဲ့ စစ်ကောင်စီက စွပ်စွဲပြီး စုစုပေါင်း ထောင် ခုနစ်နှစ် ပြီးခဲ့တဲ့တစ်ပတ်က ချမှတ်ထားပါတယ်။
ဒီနေ့မှာတော့ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ(၁၃/၁) နဲ့ သုံးနှစ် ထပ်မံချမှတ်ခံရတာပါ။ ဒါကြောင့် တိုရူကူဘိုတာဟာ ထောင်ဒဏ် ၁ဝ နှစ် ကျခံရပါမယ်။
မစ္စတာ တိုရူကူဘိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ပွဲမှာ သတင်းမှတ်တမ်းရိုက်ကူးနေတုန်း ဖမ်းဆီးတာခံခဲ့ရတာပါ။
တိုရူကူဘိုတာကို လွှတ်ပေးဖို့ ဂျပန်အစိုးရဘက်က တောင်းဆိုနေချိန်မှာ စစ်ကောင်စီဘက်က ထောင်ဒဏ်တွေ တိုးချနေတာလည်း ဖြစ်ပါတယ်။
အဲဒီနောက် သူ့ကို စစ်ကောင်စီက ဗီဇာစည်းကမ်းဖောက်ဖျက်မှု၊ ဆန္ဒပြပွဲမှာ ပါဝင်မှု၊ အီလက်ထရွန်နစ် ပစ္စည်းကိုင်ဆောင်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ သတင်းထောက်အယောက် ၁၄ဝ ကျော်ဖမ်းဆီးခံခဲ့ရပြီး၊ သတင်းဌာန အနည်းဆုံး ၁၂ ခု အပိတ်ခံခဲ့ရပါတယ်။