ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး မတ်လ ၈ ရက် ဒီနေ့မနက်ပိုင်းကစလို့ လမ်းသွားလမ်းလာ စစ်ဆေးနေသလို သာယာအေးရွာက လူငယ်ငါးဦးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အသက် ၂၀ ဝန်းကျင် လူငယ် ငါးဦးထဲက သုံးဦး ပြန်လွတ်လာပေမယ့် ကိုကျော်ထူးနဲ့ ကိုဇော်မင်နိုင်တို့ နှစ်ဦးကို စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
တောင်ကုတ်မြို့ ခြေမြန်တပ်ရင်း ခမရ ၅၄၄ တပ်ကနေ တောင်ကုတ်မြို့နယ်ထဲက ရွာတွေမှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ရှိ၊ မရှိနဲ့ AA နဲ့ အဆက်သွယ်ရှိ၊ မရှိတို့ကို အဓိကထားစစ်ဆေးနေတာလို့လည်း အခုဖြစ်ရပ်ကို သိရှိသူတွေက ပြောပါတယ်။
လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကိုစစ်ဆေးသလို သာယာအေးရွာထဲကိုလည်း AA တပ်ဖွဲ့ဝင် ငါးဦးဝင်ရောက်သွားတယ်ဆိုတဲ့ သတင်းကြောင့် စစ်ဆေးမှုတွေလုပ်နေတာလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
“သာယာအေးကျေးရွာက ခုတင် ၁၀၀ ဆေးရုံရှေ့က ရွာပါ။ မနက်ကတည်းက လမ်းသွားလမ်းလာတွေကို စစ်ဆေးတယ်။ အဓိက ဖုန်းကိုစစ်ဆေးတယ်။ ဆေးရုံရှေ့က ဆီမှောင်ခိုကားတစ်စီးကို ဖမ်းပြီးတာနဲ့ သာယာအေးရွာကို ဝင်မွှေတာ”
သာယာအေးရွာဟာ တောင်ကုတ်မြို့နဲ့ နှစ်မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ တစ်ရာခန့်ရှိတဲ့ရွာဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်စစ်ဆေးမှုတွေရှိနေတာကြောင့် ဒေသခံရွာသားတွေလည်း တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့စစ်ကောင်ရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ လေးလနီးပါးအကြာတိုက်ပွဲအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့တချို့ကို AA ကသိမ်းပိုက်ထားပြီးနောက် ရခိုင်ပြည်နယ်တောင်ပိုင်းမှာလည်း စစ်ကောင်စီတပ်က စစ်ရေးအသင့်ပြင်ထားတာလို့ ဒေသခံတွေက ပြောကြပါတယ်။