ဒီအဖွဲ့အစည်းဟာ မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ တရားဝင် ဖွဲ့စည်းထူထောင်ခွင့် ရရှိပြီးနောက်ပိုင်း အစိုးရဝန်ထမ်း အလုပ်သမားတွေ ကိုယ်တိုင် ပထမဆုံး ထူထောင်လိုက်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းကြောင့် အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ ပညာရေး အခွင့်အရေးတွေကို ကာကွယ် ဆောင်ရွက်နိုင်တော့မှာ ဖြစ်တယ်လို့ မီးရထားအခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးမြင့်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်ဟာ ဆိုလို့ရှိရင် ဒီစက်ခေါင်း စက်ရုံမှ ၃၅ နှစ်တောင် လုပ်ကိုင်ခဲ့တယ်။ အဲဒီလို လုပ်ခဲ့တဲ့ နေရာမှာ ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ရပိုင်ခွင့်တွေ၊ ပြောဆိုခွင့်တွေ၊ ကျန်းမာရေးတွေ အဲဒီလို အဘက်ဘက် အခြေအနေမျိုးမှာ ကျွန်တော်တို့ လက်ရှိတွေ့ ကြုံနေရတဲ့ အခြေအနေမျိုးမှာ အများကြီးကို အားနည်းတာတွေ ကျွန်တော်တို့ တွေ့ရှိရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ရင်ထဲမှာ အော် ငါတို့သာ ဒီလိုအဖွဲ့အစည်းမျိုးကို ရမယ်ဆိုလို့ရှိရင် ငါတို့ ကောင်းကောင်းပေါ့နော်၊ အထက်လူကြီးတွေ နဲ့ အဆင်ပြေအောင် ရပိုင်ခွင့်တွေကို ရအောင်လုပ်နိုင်မယ်ဆိုတဲ့ ခံယူချက်နဲ့ ကျွန်တော်တို့ ဒီအဖွဲ့ အစည်းကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်"
မီးရထားအခြေခံ အလုပ်သမား အဖွဲ့အစည်းအနေနဲ့ အဖွဲ့ဝင်သစ်တွေ တိုးများလာဖို့ အခြေအနေရှိတယ်လို့ ဒီအလုပ်သမားအဖွဲ့အစည်းပေါ်ပေါက်ရေး ကူညီပေးတဲ့ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဇော်ဇော်မင်း က ပြောပါတယ်။
"တချို့တွေက အရင်တုန်းကရှိတဲ့ အမှောင်ခေတ်က လိုပေ့ါနော်။ အမှောင်ခေတ်တုန်းက အကြောက်တရားတွေနဲ့ အလင်းခေတ်ထဲရောက်တဲ့ အခါမှာ သူတို့က မယုံရဲဘူးပေါ့။ နောက်ပိုင်းလည်း သူတို့တတွေ တော်တော်များများလည်း လင်းနေပြီ ဆိုတာ သိတဲ့အခါ ဒီအဖွဲ့အစည်းက ပိုမိုပြီး အင်အားတွေရလာမှာပဲ၊ အခုဆိုလို့ရှိရင် သူတို့ အလုပ်သမား ညွန်ကြားမှု ဦးစီးဌာနမှာလည်း မှတ်ပုံတင်ပြီးပြီ။ တင်ခဲ့ပြီးတဲ့ အခါကျတော့ ပိုပြီးတော့လည်း အင်အားတွေ ထပ်တိုးဖို့ အခြေအနေတွေ အများကြီးရှိတယ်"
ဒီအဖွဲ့အစည်း ထူထောင်ဖို့ လွန်ခဲ့တဲ့ သုံးလက စတင်ကြိုးပမ်းခဲ့တာ ဖြစ်ပြီး စက်ရုံအကြီးအကဲ တချို့ရဲ့ ထောက်ခံ အားပေးမှုလည်း ရရှိခဲ့တယ်လို့လည်း သိရပါတယ်။