ဖယ်ခုံမှာ ကလေးတစ်ဦးအပါအဝင် ဒေသခံ နှစ်ဦး လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အတွင်း နိုဝင်ဘာ ၁၄ ရက်နေ့ညက စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လွယ်ထန်ကျေးရွာက အသက် ၃ဝ အရွယ် အမျိုးသားတစ်ဦး နဲ့ ခုနစ်နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖလိုင်တောင်ခြေကျေးရွာက နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ပါတယ်။

အဲဒီကျေးရွာတွေကို လှည့်လည် ဆေးကုသပေးနေတဲ့ ခါချဉ်အိမ် ကျန်းမာရေးစောင့်ရှောက်မှုအသင်းရဲ့ မော်တော်ယာဉ်တစ်စီးလည်း လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အပြစ်မဲ့အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏရှိတာကြောင့် ဖယ်ခုံမြို့နယ်တွင်းက ပြည်သူတွေ ရွာတွေကို စွန့်ခွာထွက်ပြေးနေရသလို ကိုယ်ထူကိုယ်ထ ဖွင့်ထားတဲ့ စာသင်ကျောင်းတွေလည်း လက်နက်ကြီးကြောင့် မကြာခဏ ပိတ်ထားရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ရက်နေ့ညကလည်း ဖယ်ခုံမြို့နယ် လအိရွာထဲကို စစ်ကောင်စီတပ်ဘက်ကပစ်တဲ့ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲလို့ သက်ကြီးရွယ်အို တစ်ဦး၊ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်တွေမှာ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ နဲ့ အောက်တိုဘာ နှစ်လအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ကလေးငယ် လေးဦးအပါအဝင် ၁၃ ဦး သေဆုံးပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်ဖွဲ့တွေက အရပ်သားတွေထိခိုက်အောင် ဘယ်လိုနည်းနဲ့မှ လုပ်စရာ အကြောင်းမရှိဘူးလို့ RFA ကို အရင်က တုံ့ပြန်ငြင်းဆိုထားပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့စာရင်းတွေအရ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ အပါအဝင် တိုက်ပွဲတွေကြောင့် အရပ်သား နှစ်သိန်းတစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

စစ်အာဏာသိမ်းပြီး ၂၁ လအတွင်း ဒီဒေသတွေမှာ အရပ်သား သေဆုံးသူ ၃၇၉ ဦး ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲအတွင်းပစ်ခတ်မှု၊ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုနဲ့ စစ်ဘေးရှောင်ရင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေကြောင့် သေဆုံးခဲ့တာလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က နိုဝင်ဘာလ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။