စစ်ကိုင်းတိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဝက်ခုတ်ရွာမှာ စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီး ရွာသား နှစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီစစ်ကြောင်းမှာ စစ်သား ၁၇၀ ခန့်ပါဝင်ပြီး စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ မွေ့တုံရွာကို ဝင်ရောက်ရှင်းလင်းပြီးမှ ဝက်ခုတ်ရွာကို ဝင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်ခံခဲ့ရတဲ့ ဝက်ခုတ်ရွာသား နှစ်ဦးကတော့ ဦးဖိုးဆယ် ၄၂ နှစ်နဲ့ ကိုစိုးလင်း ၂၄ နှစ်တို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူတို့နှစ်ဦးဟာ စက်တင်ဘာ ၁၉ ရက် စစ်သားတွေဝင်လာချိန်က ရွာပြင်က လယ်ထဲမှာ ထွက်ယက်နေချိန်ဖြစ်ပါတယ်။
စစ်ကြောင်းဝင်လာမှာကို ကြိုသိမထားဘဲ စစ်သားတွေကို ရုတ်တရက်မြင်ရချိန် ကြောက်လန့်ပြီး ထွက်ပြေးရာမှာ ပစ်သတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝက်ခုတ်ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲမရှိဘဲ စစ်ကြောင်းထိုးလာတော့ ရွာကလူတွေကလည်း မသိတော့ မပြေးကြ တာတွေလည်း ရှိတယ်။ သူတို့ကိုမြင်တော့ ကြောက်တော့ ထွက်ပြေးကြတာ၊ ရွာနားမှာ စိုက်ပျိုးရေးလုပ်နေရင်းနဲ့ အသတ်ခံလိုက်ရတာ၊ ရွာသားတွေပါ။ ရွာကနေထွက်သွား တော့ ငွေသာရွာမှာ ညအိပ်ပြီး ရွာကိုလည်း မီးရှို့သွားတာ“
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်က ရွာတွေကို ဆက်တိုက်ရှင်းလင်းနေတဲ့ အဲဒီစစ် ကြောင်းဟာ ဘယ်မြို့ ဘယ်တပ်ရင်းကလဲ ဆိုတာကိုတော့ အတိအကျ မသိရဘူးလို့ သူက ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ငွေသာရွာကိုလည်း ဆက်တိုက်ဝင်ရောက်ခဲ့ပြီး နေအိမ်အလုံး ၄၀ ကျော်ကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ငွေသာရွာ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရ ဦးအေးလှိုင်ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
နောက်တစ်ရက် စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာတော့ ငွေသာရွာက ထွက်လာတဲ့ အဲဒီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့ပေမယ့် ထိခိုက် သေဆုံးမှု မရှိဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ ဆားခါးရွာအနီးကို ရောက်လာတဲ့အတွက် ဆားခါး၊ ခွန်သာ၊ ပေါင်းဝနဲ့ တောင်ကြား ရွာက ဒေသခံ တစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆားခါးရွာသားတွေက ပြောပါတယ်။