ကျွန်းလှမြို့နယ် ထန်းပင်ကုန်းရွာက ဒေသခံနှစ်ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ထန်းပင်ကုန်းရွာက ဒေသခံနှစ်ဦးဟာ ရွာကိုစားနပ်ရိက္ခာ ပြန်ယူချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့တိုးပြီး ဒီဇင်ဘာလ ၁၈ ရက်က ပစ်သတ်ခံလိုက် ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၄၀ အရွယ် ကိုအောင်ချိုဝင်းနဲ့ အသက် ၃၀ အရွယ် ကိုမောင်မောင်တို့ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်ရှောင်နေတဲ့ နေရာကနေ တောင်ယာက စောင်တွေ၊ အသုံးအဆောင် ပစ္စည်းတွေ သွားယူကြတာ။ သွားယူတဲ့သူတွေက ငါးဦးလောက်တော့ရှိမယ်။ စစ်ကြောင်းက ကင်းပုန်းဝပ်ပြီး လှမ်းပစ်တော့ ထိကြတာပါ။ မဲမဲမြင်ရာပစ်တော့ ထိတဲ့သူတွေကျ နေရာမှာတင် ဆုံးသွားတာ"

ကိုအောင်ချိုဝင်း ကိုမောင်မောင်တို့နဲ့ အတူပါသွားတဲ့ အရပ်သားတချို့လည်း လက်မောင်းနဲ့ ရင်ဘက်မှာ ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဒီနှစ် နိုဝင်ဘာလ ၁၂ ရက်မှာ စစ်ကောင်စီတပ်တွေက ထန်းပင်ကုန်းရွာထဲကို ဝင်ရောက်စီးနင်းခဲ့လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

နေအိမ် ၃၀၀ နီးပါးရှိတဲ့ ထန်းပင်ကုန်းရွာမှာ အရပ်သား ၇၀၀ ကျော်နေထိုင်ပြီး လက်ရှိ အချိန်အထိ ရွာကိုမပြန်ရဲဘဲ နီးစပ်ရာတောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။