လောင်းလုံးမှာ ဆိုင်ကယ်ရပ်မပေးတာကြောင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ နိုဝင်ဘာလ ၂၀ ရက် မနေ့က ဆိုင်ကယ်စီးလာတဲ့ လူငယ်တချို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် အသက်မပြည့်သေးသူ အပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မနေ့နေ့လယ် ၂ နာရီဝန်းကျင်က လောင်းလုံးမြို့ပေါ် ပြည်သူ့ဆေးရုံကြီးအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခဲ့တာဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်နဲ့ အသက် ၂၀ အရွယ် လူငယ်အမျိုးသား နှစ်ဦး သေဆုံးခဲ့တာလို့ ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဆိုင်ကယ်နဲ့ လူငယ်နှစ်ယောက်ကို လိုက်ပစ်တယ်။ တစ်ယောက်ထိသွားတယ် အဲဒီတစ်ယောက်က ဆုံးသွားတာပေါ့နော်။ နောက်တစ်ယောက်လည်း မလွတ်ဘဲ ဖမ်းခံလိုက်ရတယ်။ သူတို့လိုက်ပစ်နေတာတွေ့လို့ ဆိုင်ကယ်လှည့်ဖို့ ရပ်လိုက်တဲ့ မောင်နှမနှစ်ယောက်ကလည်း အစ်ကိုဖြစ်သူ အောင်ဝေယံလည်း ထိသွားတာပေါ့။ သူ့ညီမကတော့ ပေါင်ကိုထိတယ်ပြောတယ်။ ဒဏ်ရာသိပ်မများဘူး"

ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးကို လိုက်လံပစ်ခတ်ရာမှာ အသက် ၂၀ အရွယ် အမည်မသိ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီး နောက်တစ်ဦးကိုလည်း လောင်းလုံးမြို့နယ် ရဲစခန်းကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် ဘေးလွတ်ရာရှောင်တိမ်းဖို့လုပ်နေတဲ့ အသက် ၁၄ နှစ်အရွယ် ကိုအောင်ဝေယံဆိုသူလည်း ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့သလို သူ့ညီမဖြစ်သူ အသက် ၁၂ နှစ်အရွယ် မယွန်းပြည့်သဇင်ကတော့ ပေါင်မှာ ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ ဦးယဉ်ထွေးကတော့ ဒီကိစ္စဟာ လုံခြုံရေးအရ စစ်ဆေးတာကို လက်မခံဘဲ မောင်းနှင်သွားတဲ့အတွက် ပစ်ခတ်ရာကနေ သေဆုံးသွားတာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဒါ့အပြင် အဲဒီပတ်ခတ်မှုကိစ္စကနေ မူးယစ်ဆေးဝါး အပြား ၁၈၀ ခန့်ကိုပါ ဖမ်းဆီးရမိ တာကြောင့် သူတို့ဟာ မူးယစ်ဆေးရောင်းဝယ်သူတွေ ဖြစ်တယ်လို့လည်း ဦးယဉ်ထွေးက ပြောပါတယ်။

ဒီပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။