ထားဝယ်မြို့နယ်က သပိတ်ကော်မတီဝင် နှစ်ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ် ကော်မတီဝင် လူငယ်နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ထားဝယ်လူငယ်များတော်လှန်ရေး လှုပ်ရှားမှုသပိတ် (DYRMS) က စက်တင်ဘာ ၁၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

သပိတ်ကော်မတီဝင် ကိုအောင်ကိုကိုလွင်ကို စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်အတွင်း မှာ စက်တင်ဘာလ ၉ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ကိုဟိန်းဇေအောင်ကို သူ့ရဲ့နေအိမ်မှာပဲ စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ DYRMS က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

လက်ရှိမှာတော့ ကိုအောင်ကိုကိုလွင်နဲ့ ကိုဟိန်းဇေအောင်တို့ကို ဘယ်မှာထိန်းသိမ်းထား တယ်ဆိုတာ မသိရှိနိုင်သေးဘူးလို့ သူက ပြောပါတယ်။

ကိုအောင်ကိုကိုလွင်နဲ့ ကိုဟိန်းဇေအောင် ပါဝင်တဲ့ ထားဝယ်လူငယ်များတော်လှန်ရေး လှုပ်ရှားမှုသပိတ် (DYRMS) ဟာ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်နေတာပါ။

အာဏာသိမ်းပြီးနောက် ဩဂုတ်လ ၂၂ ရက်နေ့အထိ ထားဝယ်အကျဉ်းထောင်အတွင်း ဖမ်း ဆီး၊ အမိန့်ချခံထားရသူပေါင်း ၂၄၅ ဦး ရှိနေပြီး ထောင်ဒဏ် တစ်သက်အထိ အမြင့်ဆုံးပြစ် ဒဏ် ချမှတ်ခံထားရသူတွေ ပါဝင်နေတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။