ကန့်ဘလူမှာ အစ္စလာမ်ရွာအပါအဝင် နှစ်ရွာဆက်တိုက် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ဂုံညင်းရှိုရွာနဲ့ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ အင်ကြင်းမြိုင်ရွာကို နိုဝင်ဘာလ ၁၅ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂုံညင်းရှိုရွာမှာ နေအိမ်သုံးလုံး မီးလောင်ပျက်ဆီးခဲ့သလို အင်ကြင်းမြိုင်ရွာမှာတော့ မီးလောင်ကျွမ်းတဲ့အိမ် အများအပြားရှိခဲ့ပေမယ့် အရေအတွက်ကို အတည်ပြုလို့ မရသေးဘူးလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။

"အင်ကြင်းမြိုင်ရွာကိုသွားတဲ့ စစ်ကြောင်းက အင်အားသုံးရာလောက်ရှိတယ်။ ရွာက အသေးလေးပဲ။ အိမ်ခြေ ၆၀ လောက်ပဲရှိတယ်။ ဗလီရောပါတယ်။ ပြည်သူတွေတော့ လွတ်ဖို့များတယ်။ ဂုံညင်းရှိုရွာက အိမ်သုံးအိမ်နဲ့ တဲတစ်လုံးပါတယ်"

မီးလောင်ပျက်စီးတဲ့အထဲမှာ ဗလီတစ်လုံးပါ ပါဝင်တယ်လို့ ဒေသခံတွေက ပြောဆိုကြ ပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မနက် ၈ နာရီခွဲမှာ စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ (၃၆၇)၊ ခမရ (၇၀၁) နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ အင်ကြင်းမြိုင်ရွာကို အရင်ဆုံး ဝင်ရောက်မီးရှို့ခဲ့တာလို့ ပြောပါတယ်။

အိမ်ခြေ ၁၅၀ နီးပါးနဲ့ လူဦးရေ ၇၅၀ ခန့်ရှိတဲ့ ဂုံညင်းရှို့ရွာကိုတော့ နေ့လယ် ၁ နာရီ ၂၀ မိနစ်မှာ ကိုးထောင်ဘို့ ဒေသအထိုင် ခြေမြန်တပ်ရင်း ခမရ (၃၆၃) တပ်က ဝင်ရောက်ပြီး နေအိမ်အချို့ကို မီးရှို့ခဲ့တဲ့အပြင် ဒေသခံ ၆၀ ခန့်ကိုပါ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတွေကို ဂုံညင်းရှိုရွာကနေ ကိုးထောင်ဘို့ရွာကို ပြန်တဲ့လမ်းတလျှောက် ခေါ်ဆောင်သွားခဲ့ပြီး ကိုးထောင်ဘို့ရွာအနီးမှာ တစ်ကြိမ်ကို ၁၀ ဦးနှုန်းနဲ့ ပြန်လွှတ် ပေးခဲ့ပေမယ့် အသက် ၆၀ နှစ်၊ အသက် ၅၀ နှစ်နဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား သုံးကတော့ ပြန်မလွတ်သေးလို့ ဒေသခံတွေ ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေး သလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ ဦးအေးလှိုင်ကတော့ ဒီလိုအခြေအနေတွေ ဟာ လုံခြုံရေးကိစ္စဖြစ်တဲ့အတွက် ထုတ်ပြန်လေ့မရှိဘူးလို့ RFA ကို မနေ့က ဖြေဆိုထား ပါတယ်။