ကလေးမြို့မှာ စစ်ကောင်စီကား မိုင်းခွဲခံရပြီးနောက် အမျိုးသမီးနှစ်ဦး ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်မှာ စက်တင်ဘာလ ၉ ရက် ဒီနေ့မနက် ပိုင်းက စစ်ကောင်စီ တပ်သားတွေ အိမ်စီးကားနဲ့ ကင်းလှည့်ချိန်မှာ မိုင်းခွဲခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က သေနတ်ပစ်ခတ်ခဲ့ရာမှာ အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းခွဲခံရမှုကြောင့် စစ်ကောင်စီတပ်ရဲ့ ကားတစ်စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးလည်း ဒဏ်ရာရ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ချိန်မှာ ဆိုင်ကယ်စီးလာတဲ့ အသက် ၄၀ ကျော်အရွယ်အမျိုးသမီး တစ်ဦးမှာ မေးရိုးရှပ်ထိ၊ ဘယ်ပခုံးထဲ ကျည်ဖောက်ဒဏ်ရာရရှိခဲ့တာပါ။ နောက် တစ်ဦးကတော့ Denko ဓာတ်ဆီဆိုင်က အသက် ၂၀ ကျော်အရွယ် ၀န်ထမ်းအမျိုးသမီး တစ်ဦးဖြစ်ပြီး သူ့ရဲ့ခြေထောက်ကို ကျည်ထိမှန်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သေနတ်နဲ့ပစ်တာ နာရီ၀က်လောက်ရှိတယ်။ ဆက်တိုက်ပစ်တာ။ စက်သေနတ်တွေ ရောပါတယ် ထင်တယ်။ ကြောက်လို့ ၀ပ်နေရတယ်။ အကုန် ရမ်းသန်းပစ်ကြတာ။ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးတစ်ယောက် ထိသွားတယ်။ Denko ဓာတ်ဆီဆိုင်က ကောင်မလေး တစ်ယောက်လည်း ခြေထောက်ကို နှစ်ချက်ထိသွားတယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဒီနေ့မနက်က စစ်ကောင်စီတပ်ကားကို မိုင်းခွဲတိုက်ခိုက်တာဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆို တာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သေနတ်ပစ်ခတ်မှုကြောင့် အခင်းဖြစ်နေရာအနီးမှာရှိနေတဲ့ နေအိမ်နှစ်လုံးမှာ အမိုးအကာ တွေ ပျက်စီးသွားသလို မိုင်းပေါက်ကွဲမှုကြောင့် နောက်ထပ် နေအိမ်တစ်လုံးလည်း အနည်းငယ် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ မနေ့က ညနေပိုင်းကလည်း ကလေးမြို့တောင်ပိုင်း၊ ကြံသာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုကြောင့် တင်သား ကျေးရွာက အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။