စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်က အသက်မပြည့်သေးတဲ့ ၁၄ နှစ်အရွယ် ကလေးနှစ်ဦး အပါအ၀င် ဒေသခံငါးဦးကို စက်တင်ဘာလ ၁၁ ရက် မနေ့ညနေပိုင်း စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကြို့သုံးပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးနားက သစ်ပင်တစ်ပင်ပေါ်မှာ ထောင်ထားတဲ့ ဗုံးတစ်ခုကို စစ်ကောင်စီ တပ်သားတွေ လာရှင်းချိန်မှာပဲ အနီးနားမှာရှိတဲ့သူတွေက အိမ်နားမှာ ဗုံးရှိနေတာကို အကြောင်းမကြားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရသူတွေကတော့ အသက် ၁၄ နှစ် အရွယ်တွေဖြစ်ကြတဲ့ မောင်ခွာလ်ဒိတ်ပြောင်နဲ့ မောင်ဆွမ်ခန့်လမ်၊ ဒေသခံ ဘာသာရေးဆရာမ ဟောက်ခန့်ကျိန် ၊ ဦးမျိုးအောင်ကျော်နဲ့ ဦးပုန်ကျင့်ထန်တို့ ဖြစ်ပါတယ်။
အဖမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေကတော့ တွေ့ခွင့်ရဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ အဖမ်းခံထားရသူတစ်ဦးရဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစု၀င်က RFA ကိုပြောပါတယ်။
"ကျနော်တို့အိမ်နား သစ်ပင်ပေါ် နည်းနည်းမှောင်တဲ့နေရာမှာ မိုင်းထောင်ထားတာ ရှိတယ်လို့ ပြောတယ်။ ကျနော်တို့က မသိဘူး။ စစ်သားတွေက ကားနဲ့လာပြီး အဲဒီမိုင်းကို သေနတ်နဲ့ လှမ်းပစ်ပြီး သေနတ်သံကြားလို့ အိမ်ထဲမှာ နေတယ်။ စစ်သားတွေ အိမ်ထဲထိလာပြီး မိသားစုအားလုံးကို စုခိုင်းတယ်။ ပြီးတော့ ကျနော်သမီး ဆရာမကို ဖမ်းတယ်။ အိမ်နားမှာ မိုင်းရှိတာကို ဘာလို့ အကြောင်းမကြားတာလဲဆိုပြီး စစ်သားတွေကဖမ်းသွားတာ "
အဲဒီဗုံးကို ဘယ်အဖွဲ့က ထောင်ထားခဲ့တာလဲ ဆိုတာတော့ တိတိကျကျ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံငါးဦး အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
စက်တင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းကလည်း ကလေးမြို့ အခွန်ရုံးရှေ့မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး နောက်ပိုင်း တာဟန်းရပ်ကွက်ထဲမှာ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ မနက် ၇ နာရီဝန်းကျင်ကလည်း ကြို့သုံးပင်ရပ်ကွက် အနားမှာပဲ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကလေးမြို့ပြ ပြောက်ကျားအဖွဲ့က မိုင်းဆွဲခဲ့တာကြောင့် စစ်ကားပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားသုံးဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ကလေး PDFအဖွဲ့ကတော့ စစ်ကောင်စီတပ်ရဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး အချိန်မရွေး ပစ်ခတ်မှုတွေရှိနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ ပစ်ခတ်သံကြားရင် ရှောင်ရှားကြဖို့ စက်တင်ဘာ ၉ ရက်နေ့က ထုတ်ပြန် သတိပေးထားပါတယ်။