သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို ကုန်ပစ္စည်း တင်သွင်းခွင့် ပိတ်ပင်ထားမှုတွေကို လျော့ပေါ့ပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းကပဲ ပြောကြားလိုက်ပါတယ်။

2012-09-26
Share
u-thein-sein-hillary-clinton-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ The Mark Hotel တွင် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ တွေ့ဆုံဆွေးနွေးနေစဉ်။
RFA

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက သမ္မတ တည်းခိုနေတဲ့ New York မြို့ ၇၇ လမ်းပေါ်က The Mark Hotel မှာ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် မစ္စ ဟီလာရီ ကလင်တန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဟီလာရီ ကလင်တန်နဲ့ မတွေ့ဆုံခင် နေ့လည်ပိုင်းက အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ The Mark Hotel မှာ တစ်နာရီနီးပါးခန့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သမ္မတဟာ အမေရိကန်သမ္မတဟောင်းနဲ့ တွေ့ဆုံအပြီးမှာ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျားတို့နဲ့ တွေ့ဆုံခဲ့ပြီး ညနေ ၆ နာရီမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန်မနက်ပိုင်းမှာ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ အမေရိကန် အာဆီယံ စီးပွားကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ သမ္မတဟာ Asia Society မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီမှာ သမ္မတ ဦးသိန်းစိန်ဟာ နယူးယောက်မြို့ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

သမ္မတရဲ့ ဒီကနေ့ တွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ မခက်မာက နယူးယောက်မြို့မှာ သတင်းရယူနေတဲ့ မသင်းသီရိကို မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့