ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ဖို့ လျှောက်ထားသူ ကိုယ်စားလှယ်လောင်း ၁၁၂၉ ယောက်ထဲက တစ်ယောက်ဟာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ပယ်ချခံလိုက်ရပါတယ်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကနေ လျှောက်ထားတဲ့ ဦးမင်းသူထွန်းဟာ သူမွေးဖွားစဉ်က ဖခင်ဖြစ်သူဟာ နိုင်ငံသားမဖြစ်သေးတာကြောင့် ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နဲ့ မကိုက်ညီလို့ ပယ်ချခံလိုက်ရတာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) အရ မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးတဲ့ မိဘတစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေမွေးဖွားတဲ့ နိုင်ငံသားဟာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတာပါ။
အဲဒီဥပဒေပြဌာန်းချက်နဲ့ မကိုက်ညီလို့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP က တစ်ယောက်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက လေးယောက်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှစ်ယောက်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီက တစ်ယောက်တို့လည်း ပယ်ချခံထားရပါတယ်။
ပါတီပေါင်း ၉၀ ကျော်က လျှောက်ထားတဲ့ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို သြဂုတ် ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်က စိစစ်ခဲ့တာဖြစ်ပြီး ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက သြဂုတ်လ ၃၀ ရက် မနေ့က ကြေညာခဲ့ပါတယ်။