မြန်မာစစ်တပ်ကို လက်နက်မရောင်းချကြဖို့ ဗြိတိန်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံအမတ် Rita French က တိုက်တွန်းလိုက်ပါတယ်။
လက်နက်ရောင်းချပေးနေသူတွေကို နိုင်ငံတကာက ဘယ်လိုဖိအားပေး အရေးယူမလဲဆိုတာ ဝိုင်းဝန်းစဉ်းစားကြဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံကို ဒီကနေ့ ပေးပို့တဲ့စာမှာ ရေးထားပါတယ်။
မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတာဟာ နိုင်ငံတွင်း ပဋိပက္ခတွေကို ပိုဆိုးစေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုကျူးလွန်ခွင့် ပေးထားရာရောက်တယ်လို့လည်း ဗြိတိန်သံအမတ်က ထောက်ပြထားပါတယ်။
ဒါကြောင့် ဗြိတိန်အစိုးရအနေနဲ့ လက်နက်ရောင်းခွင့် ပိတ်ထားသလို၊ မြန်မာစစ်တပ်ရဲ့ လက်နက်နဲ့ ငွေကြေးဝင်ပေါက်တွေကို ပစ်မှတ်ထား ပိတ်ပင်အရေးယူနိုင်ဖို့ တခြားမိတ်ဖက် နိုင်ငံတွေနဲ့ပေါင်းပြီး ကြိုးပမ်းနေတယ်လို့လည်း ပြောထားပါတယ်။
ဗြိတိန်လိုပဲ တခြားကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချခွင့် ပိတ်ဖို့လည်း တိုက်တွန်းထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၂၃၆၀ ကျော်သေဆုံးခဲ့ရပါတယ်။