ဦးကျော်မိုးထွန်းကို ကုလကိုယ်စားပြုခွင့်ဆုံးဖြတ်ချက် အရပ်ဘက်အဖွဲ့တွေ ကြိုဆို

၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးတွင် ကျင်းပသည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်လာသည့် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။
၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးတွင် ကျင်းပသည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်လာသည့် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ (Permanent Mission of Myanmar to the United Nations)

မြန်မာအာဏာသိမ်း စစ်ကောင်စီက ကုလသမဂ္ဂညီလာခံတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုနေရာ ရယူဖို့ ကြိုးပမ်းနေတာကို ငြင်းပယ်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို ကိုယ်စားပြုခွင့် ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာ့အရေးလှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့တွေက ကြိုဆိုကြောင်း ဗြိတိန်အခြေစိုက် Myanmar Accountability Project (MAP) အဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်မပေးဖို့ ဆုံးဖြတ်လိုက်တာဟာ သံတမန်ရေးအရ အရေးကြီးတဲ့လုပ်ရပ်ဖြစ်တဲ့အကြောင်း MAP ရဲ့ ညွှန်ကြားရေးမှူး ခရစ်တိုဖာ ဂန်းနက်စ်က ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ NUG ရဲ့သံအမတ်က ကိုယ်စားပြုနေပေမယ့် ICJ တရားရုံးမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်က ကိုယ်စားပြုခွင့်ရနေပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာတော့ ကိုယ်စားပြုသူ မရှိဘဲ ဖြစ်နေတဲ့အကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ကိုယ်စားပြုခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့လုပ်ရပ်ဟာ ဒီလို ရှေ့နောက်မညီတဲ့လုပ်ရပ်တွေကို ချေဖျက်ဖို့ လမ်းစပဲ ဖြစ်တယ်လို့ ခရစ်တိုဖာ ဂန်းနက်စ်က ပြောပါတယ်။

ကုလသမဂ္ဂမှာ နိုင်ငံတစ်နိုင်ငံရဲ့ကိုယ်စားပြုသူနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ အခြေအနေဖြစ်ခဲ့ရင် ကုလသမဂ္ဂနဲ့ အခြားအေဂျင်စီတွေမှာ ကိုယ်စားပြုတက်ရောက်ခွင့်ကို အထွေထွေညီလာခံက ချမှတ်တဲ့ ရပ်တည်ချက်တွေနဲ့အညီ ဆုံးဖြတ်ရမယ်ဆိုတဲ့ ၁၉၅ဝ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကိုယ်စားပြုမှုကို ကုလသမဂ္ဂအေဂျင်စီအဖွဲ့အစည်းအားလုံးကို တိုးချဲ့ပြီးပေးဖို့ MAP က တောင်းဆိုထားပါတယ်။