တောင်ကိုရီးယားရောက် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာ့အရေးဆွေးနွေးမည်

၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်က ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ၅၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီတွင် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်က ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ၅၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီတွင် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်။ (Photo:AFP)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွမ်အင်ဒရူးစ် (Tom Andrews) ဟာ တောင်ကိုရီးယားနိုင်ငံကို နိုဝင်ဘာလ ၁၅ ရက်နေ့ ဒီနေ့ကနေ ၂၁ ရက်အထိရောက်ရှိနေချိန်အတွင်း မြန်မာ့အရေးဆွေးနွေးဖို့ရှိနေပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို တိုက်ခိုက်နေပြီး ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီရေးလိုလားချက်တွေကို ဖိနှိပ်ချုပ်ခြယ်နေတယ်လို့ သူကပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်တဲ့အပြင် မြန်မာပြည်ဒီမိုကရေစီရရှိရေးနဲ့ လူ့အခွင့်အရေးကို ပွင့်ပွင့်လင်းလင်းထောက်ခံတဲ့ နိုင်ငံဖြစ်တယ်လို့ သူကပြောပါတယ်။

တွမ်အင်ဒရူးစ် Tom Andrews ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ နိုင်ငံနဲ့ဒေသန္တရအဆင့် အစိုးရကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂတာဝန်ရှိသူတွေ၊ နိုင်ငံခြားမူဝါဒရေးရာပညာရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားသူတွေ၊ ဆက်လက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ သွေးစည်းညီညွတ်ကြောင်းပြသတဲ့ ဂွမ်ဂျူးမြို့ကိုလည်း သွားရောက်ဖို့ရှိပါတယ်။

တောင်ကိုရီးယားခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၁ ရက်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့သိရပါတယ်။