ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ရွေးချယ်မှု ရုရှားကြောင့် ကြန့်ကြာနေ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.12.05
Share on WhatsApp
Share on WhatsApp
ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ရွေးချယ်မှု ရုရှားကြောင့် ကြန့်ကြာနေ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် ပြန်လည်လက်ခံဖို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ စက်တင်ဘာလ ၁၇ ရက်နေ့က တောင်းဆိုဆန္ဒပြခဲ့သူတွေကို မြင်တွေ့ရစဉ်။
Photo: RFA

ကုလသမဂ္ဂဟာ ရုရှားနိုင်ငံဘက်က ဆန့်ကျင်ကန့်ကွက်မှုတွေ လုပ်လာမှာကို စိုးရိမ်တဲ့အတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် အဆုံးအဖြတ်ပေးရေးကိစ္စကိုထပ်ရွေ့ဆိုင်းလိုက်တယ်လို့ Al Jazerra သတင်းဌာနက ရေးသားဖော်ပြပါတယ်။

ဒီကိုယ်စားလှယ်နေရာအတွက် စစ်ကောင်စီဘက်က အဆိုပြုတင်သွင်းမယ့်သူကို လက်ခံမလား၊ လက်ရှိ မြန်မာသံအမတ်လည်းဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိမလားဆိုတာကို ကုလသမဂ္ဂက အဆုံးအဖြတ်ပေးရပါမယ်။

အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့ အပါအဝင် အဖွဲ့ဝင်ကိုးနိုင်ငံ ပါဝင်တဲ့ ကုလသမဂ္ဂရဲ့ Credentials Committee ဟာ နိုဝင်ဘာလ ၂၉ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ဘယ်သူ့ကို ကိုယ်စားပြုခွင့်ပေးမလဲ ဆုံးဖြတ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ Al Jazerra သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုသူနေရာမှာ ထားရှိတာကို နောက်တစ်နှစ်သက်တမ်းတိုးဖို့ အဲဒီကော်မတီအစည်းအဝေးက သဘောတူခဲ့ပေမယ့်၊ ရုရှားနိုင်ငံဘက်က ‘စိုးရိမ် ပူပန်မှု’ ရှိနေတဲ့အတွက် အဆုံးအဖြတ် အဖြေမထွက်ခဲ့ဘူးလို့ အနောက်နိုင်ငံ သံတမန်တစ်ဦးက Al Jazeera ကို ပြောပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဘက်က ရပ်တည်တဲ့ သဘောထားရှိနေပြီး၊ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိ မြန်မာနိုင်ငံကိုယ်စားပြုသူ နေရာကနေ ရပ်ဆိုင်းလိုတဲ့ သဘောထားရှိနေတဲ့အကြောင်း၊ တရုတ်နဲ့ ရုရှားတို့ဟာ အခြားအရေးကိစ္စတွေနဲ့လည်း ရင်ဆိုင်နေရတဲ့အတွက် မြန်မာနိုင်ငံအရေးနဲ့ပက်သက်ပြီး လူသိရှင်ကြား အငြင်းအခုန်ဖြစ်ရတဲ့ အခြေအနေကိုလည်း မဖြစ်ချင်ကြတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ဟောင်း လေတီရှားဗန်အာဆန်က သုံးသပ်ပြောကြားပါတယ်။

လက်ရှိ မြန်မာနိုင်ငံ ကိုယ်စားပြုသူနေရာမှာ ရှိနေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ အခုနှစ်အတွင်းမှာ ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားနိုင်ငံကို ကန့်ကွက်ရှုံ့ချကြောင်း ဆုံးဖြတ်ချက်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ရုရှားနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်တွေအတွက် ထောက်ခံမဲပေးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြုသူကိစ္စကို ကုလသမဂ္ဂ Credentials Committee မှာ မဆုံးဖြတ်နိုင်ရင် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။