ကုလအဖွဲ့အစည်းတွေ စစ်ကောင်စီနဲ့ မဆက်ဆံဖို့ အရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်တောင်းဆို

2022.09.24
ကုလအဖွဲ့အစည်းတွေ စစ်ကောင်စီနဲ့ မဆက်ဆံဖို့ အရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်တောင်းဆို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီနဲ့ မဆက်ဆံဘဲ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်ဆံဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၃၈ ဖွဲ့က စက်တင်ဘာလ ၂၃ ရက်မနေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ အိတ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအေဂျင်စီတချို့ဟာ စစ်ကောင်စီကို တရားဝင်အစိုးရတစ်ရပ်လို ကိုယ်စားလှယ် ခန့်အပ်လွှာပေးတာ၊ စာချုပ်ချုပ်တာတွေ ပြုလုပ်ခဲ့တဲ့အပေါ် ရှုတ်ချတယ်လို့ အဲဒီအိတ်ဖွင့် ပေးစာမှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်တဲ့ ကုလ သမဂ္ဂရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် ကြားဝင်ပေးဖို့ကိုလည်း အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၃၈ ဖွဲ့က တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)၊ ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ဟာ ယခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလတွေအတွင်း စစ်ကောင်စီနဲ့ သဘောတူစာချုပ်သစ် လက်မှတ်ထိုးတာနဲ့ ရာထူးခန့်အပ်လွှာ သွားရောက်အပ်နှင်းတာတွေ လုပ်ခဲ့တယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒါတွေကိုအခွင့်ကောင်းယူပြီး စစ်ကောင်စီဟာ တရားဝင်မှုရရှိရေး ကြိုးပမ်းမှုမှာ ဝါဒဖြန့်ချိ ရေးလက်နက်အဖြစ် အသုံးချခဲ့တယ်လို့လည်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၅၆ ဖွဲ့က ကုလအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကို တရားဝင်မှုရှိစေတဲ့ ဘယ်ထိတွေ့ဆက်ဆံမှု မျိုးကိုမှ မလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။