စစ်တပ်ကို ICC ကတစ်ဆင့် အရေးယူပေးရန် ဦးကျော်မိုးထွန်း တိုက်တွန်း

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကနေတစ်ဆင့် မြန်မာစစ်တပ်ကို အရေးယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ အဆိုပြုတင်ပြပေးပါလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ရဲ့ တွေ့ရှိချက်တွေကို အခြေခံပြီး အရေးယူရမယ့် အချိန်ရောက်ပြီလို့ မနေ့က ကုလသမဂ္ဂမှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ နိုင်ငံတကာတရားရုံး (ICJ) တို့ကလည်း မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ဖို့လိုပြီး နစ်နာသူတွေအတွက် တရားမျှတအောင် လုပ်ပေးဖို့လိုတယ်လို့လည်း ပြောခဲ့ပါတယ်။

လက်ယက်ကုန်းစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းကို ဦးကျော်မိုးထွန်းက ပြောပြခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လူပေါင်း ၂၃၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အဲ့ဒီအထဲမှာ ၁၄ နှစ်အောက် ကလေး ၉၁ ဦးနဲ့၊ ၁၅ နှစ်ကနေ ၁၉ နှစ်ကြားလူငယ် ၂၀၉ ဦး ပါတယ်လို့လည်း ပြောခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက တိတ်ဆိတ်နေတာကို မြန်မာပြည်သူတွေက လက်မခံနိုင်တော့တာကြောင့် အမြန်အရေးယူပါလို့လည်း ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ပေါ်လွင်စေမယ့် သန်းနဲ့ချီတဲ့ အချက်အလက်တွေ Facebook ကုမ္ပဏီကနေတစ်ဆင့် ရရှိထားတယ်လို့ IIMM အဖွဲ့က ပြောထားပါတယ်။