ရခိုင်တွေကို ဖမ်းဆီးအဆက်ဖြတ်နှိပ်စက်နေတဲ့လုပ်ရပ် အထူးစိုးရိမ်ကြောင်း ကုလအရာရှိတွေပြော

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာ့တပ်မတော်က လူတွေကိုဖမ်းပြီး AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကို ဝန်ခံအောင် အဆက်အသွယ်ဖြတ်၊ နှိပ်စက်ညှဉ်းပန်းနေတာတွေအတွက် အထူးစိုးရိမ်မကင်းဖြစ်ရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူတွေက မနေ့က ပြောလိုက်ပါတယ်။

ဒီလိုအဆက်ဖြတ်ထိန်းသိမ်းပြီး နှိပ်စက်တဲ့လုပ်ရပ်ကို ရပ်တန်းကရပ်ဖို့၊ အဖမ်းခံထားရသူတွေအတွက် တရားဥပဒေ အရမျှတတဲ့ အကာအကွယ်ရဖို့၊ ရှေ့နေငှားခွင့်၊ တွေ့ခွင့်ပေးဖို့တွေကို မဖြစ်မနေဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ ဒါ့အပြင် AA အဖွဲ့နဲ့ပတ်သက်တဲ့သူတွေလို့စွပ်စွဲပြီး ဖမ်းဆီးစစ်ဆေးနေတဲ့ကာလမှာ လူမဆန်အောင်ညှဉ်းပန်းနှိပ်စက် တယ်ဆိုတဲ့ကိစ္စ၊ စစ်ကြောရေးမှာ သေဆုံးရတဲ့ကိစ္စ၊ အတင်းအကျပ်ဝန်ခံခိုင်းတယ်ဆိုတဲ့ကိစ္စတွေကို၊ ယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေနဲ့ လွတ်လပ်တဲ့စုံစမ်းရေးလုပ်ရမယ်၊ အဲဒီလိုအကြမ်းဖက်မှုတွေရှိရင် တာဝန်ရှိတဲ့သူတွေကို ပြတ်ပြတ် သားသား အရေးယူရမယ်လို့လည်း ကုလသမဂ္ဂအရာရှိတွေက ပြောလိုက်ပါတယ်။

ဥပမာဖြစ်ရပ်အနေနဲ့ဆိုရင် နိုင်အောင်ထွန်းဆိုသူကို သြဂုတ်လ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့ထိ အဆက်ဖြတ် ဖမ်းဆီးထားတဲ့အချိန်မှာ စစ်သားတွေကိုသူ့ကို AA အဖွဲ့နဲ့ပတ်သက်တယ်လု့ိ ဝန်မခံမချင်း လျပ်စစ်ကျင်စက်နဲ့တို့ပြီး နှိပ်စက်ခဲ့တယ်လို့ ကုလသမဂ္ဂအရာရှိတွေက ထောက်ပြပါတယ်။

အခုဆိုရင် AA အဖွဲ့နဲ့ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးရတဲ့သူ အနည်းဆုံး ၁၅ ယောက်ရှိနေပြီလို့သိရတဲ့အတွက် အဲဒီလိုဖမ်းဆီးအဆက်ဖြတ်နှိပ်စက်တဲ့လုပ်ရပ်ကို ကုလမဂ္ဂအရာရှိတွေက အထူးစိုးရိမ်တယ်လို့ဆိုပါတယ်။ အဲဒီလိုသေဆုံးရတယ်ဆိုတာတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာ့တပ်မတော် က ပြောထားပါတယ်။ ကုလသမဂ္ဂအရာရှိတွေကလည်း စုံစမ်းစစ်ဆေးချက်ကို အများပြည်သူသိအောင် ထုတ်ပြန်ပေး ဖို့နဲ့ တာဝန်ရှိသူတွေကိုအရေးယူဖို့ တာင်းဆိုလိုက်ပါတယ်။

အခုဆိုရင် ရခိုင်လူမျိုး ရှစ်ယောက်ကို ရန်ကုန်မှာဖမ်းထားပြီး အဆက်ဖြတ်ထားသလို၊ ကိုးယောက်မြောက်ဖြစ်တဲ့လူ ကိုလည်း စွဲချက်မတင်ဘဲ ဖမ်းထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပုဏ္ဏားကျွန်းမှာ ရခိုင်အမျိုးသား လေးယောက်ကို ဇူလိုင် ၂၇ ရက်နေ့မှာ ဖမ်းထားပြီး နှစ်ပတ်လောက် အဆက်အသွယ် ဖြတ်ထားခဲ့တယ်၊ နောက်ထပ်ရခိုင်လူမျိုး တယောက်ကိုလည်း ဖမ်းဆီးအဆက်ဖြတ်ထားပြီး၊ သြဂုတ်လ ၅ ရက်နေ့မှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။