ပြည်ထောင်စုနေ့


2019.02.12
panglong-statue-622.jpg ပင်လုံမြို့က လွတ်လပ်ရေးကျောက်တိုင်ကို မြင်ရစဉ်
Photo: RFA
တိုင်းရင်းသားအချင်းချင်း နားလည်မှုလွဲမှားတာ၊ ယုံကြည်မှုနည်းပါးတာ၊ သံသယပွားများ လာတာတွေကြောင့် ဒီနေ့အထိ ပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးဘူးလို့ နိုင်ငံတော်သမ္မတက ပြောလိုက်ပါတယ်။

ဒီနေ့ ကျရောက်တဲ့ ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ တာဖြစ်ပါတယ်။

အစိုးရဟာ ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ရေးမူကို အခြေခံပြီး အပစ်ရပ်စာချုပ် NCA လက်မှတ် မရေးထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း တေ့ွဆုံဆွေးနွေးရေး လမ်းကြောင်းကတဆင့် ငြိမ်းချမ်းရေးပန်းတိုင်ကို လျှောက်လှမ်းနေတယ်လို့လည်း သမ္မတ က ပြောပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဌာနချုပ်မှာကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာတော့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက လူမျိုးကြီးဝါဒနဲ့ အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို ဆန့်ကျင်ကြဖို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စစ်မှန်တဲ့သွေးစည်းညီညွတ်မှုရရှိဖို့နဲ့ တိုင်းရင်းသား လူမျိုးစုအားလုံးက မိမိတို့ရဲ့ မျှော်မှန်းချက်တွေ၊ နာကြည်းချက်တွေ၊ စိုးရိမ်ချက်တွေ၊ မကျေနပ်ချက်တွေ ကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်တဲ့စနစ်ရှိဖို့ လိုအပ်တယ်လို့ ပြောကြောင်းလည်း ဦးညဏ်ဝင်းက ပြောပါတယ်။

တချိန်တည်းမှာပဲ မန္တလေးမြို့မှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအပြီးမှာ မန္တလေးတိုင်း ဝန်ကြီးချုပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင် က ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးကို ဘယ်သူတွေက အဟန့်အတားလုပ်သလဲဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

အခုလိုအချိန်မှာ နိုင်ငံတစ်ခုလုံးရဲ့ အကျိုးစီးပွားကိုကြည့်ပြီး သဘောထားကြီးစွာနဲ့ အပေးအယူအလျော့အတင်း လုပ်မှသာ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရနိုင်မှာဖြစ်ကြောင်း၊ အစိုးရလုပ်ဆောင်ချက်တွေကို ပြည်သူတွေက ထောက်ခံမှုပေးဖို့ လိုအပ်ကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့ပါတယ်။

ဒီနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတွေကို တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။