အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုထားတဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက အသိအမှတ်ပြုတာဟာ အကြမ်းဖက်မှုကို အားပေးတာဖြစ်တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြောလိုက်ပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ပြည်တွင်းပြည်ပသတင်းဋ္ဌာနတွေက သတင်းထောက်တွေပါဝင်တဲ့ ဗိုက်ဘာဂရုကတစ်ဆင့် သူတို့ရဲ့သဘောထားကို ပြောဆိုတာပါ။
ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ (Credential Committee) က ဒီဇင်ဘာလ ၁၂ ရက်မှာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အတည်ပြုခဲ့ပါတယ်။ တရားဝင်ကြေညာချက်ကိုတော့ ဒီဇင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်လိမ့်မယ်လို့ ဦးကျော်မိုးထွန်းက RFA ကို ပြောပါတယ်။
စစ်ကောင်စီကတော့ ဦးကျော်မိုးထွန်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကိုပဲ ကိုယ်စားပြုပြီး စစ်ကောင်စီကို ကိုယ်စားမပြုဘူးလို့ ဆိုပါတယ်။ ဦးကျော်မိုးထွန်းနဲ့ သဘောတူလုပ်ဆောင်တာက ကုလသမဂ္ဂပဋိညာဉ်တွေကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ အငြင်းပွားမှုတွေရှိနေလို့ ဦးကျော်မိုးထွန်းကိုပဲ ဆက်ပြီး ကိုယ်စားပြုခွင့်ပေးထားတာလို့ သုံးသပ်ပါတယ်။
"တကယ်ဆိုရင်တော့ ကုလသမဂ္ဂ Credential Committee က ဆုံးဖြတ်တာမဟုတ်ဘူး။ နဂိုလက်ခံပြီးသားဟာကိုပဲ ဆက်ထားဦးမယ်။ သူ့ရဲ့အငြင်းပွားမှုက မပြေလည်သေးဘူး ဆိုတဲ့ သဘော။ အဲလိုမျိုးထားထားတဲ့အချိန်မှာ ဦးကျော်မိုးထွန်းက ဒီ NUG နဲ့ ပတ်သက်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုစွပ်စွဲတဲ့သဘောလို့ ထင်တယ်"
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကုလသမဂ္ဂမှာ ကိုယ်စားလှယ် ခန့်အပ်ရေးဟာ စစ်ကောင်စီနဲ့ ကုလသမဂ္ဂအကြား ပထမဆုံးဖြေရှင်းရမယ့် ပြဿနာ ဖြစ်တယ်လို့ ဒီနှစ် သြဂုတ်လအတွင်းက ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီကို ကုလသမဂ္ဂက ဘာကြောင့် အသိအမှတ်မပြုရသလဲဆိုတာကိုလည်း သိချင်တယ်လို့ သူကပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လုပ်ခဲ့တဲ့အတွက် နိုင်ငံဝန်ထမ်းဥပဒေနဲ့ နည်းဥပဒေ တို့ကို ဖောက်ဖျက်ရာ ရောက်တယ်ဆိုပြီး ဦးကျော်မိုးထွန်းကို တာဝန်ကနေ ရပ်စဲလိုက်တဲ့ အကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က အဆိုပြုသူကို ပယ်ချပြီး ကုလအရည်အချင်းစစ်ကော်မတီက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှာ မြန်မာကိုယ်စားလှယ်ရွေးချယ်ရေးအစီအစဉ်ကို ဆိုင်းငံ့ခဲ့တာကြောင့် ဦးကျော်မိုးထွန်းကပဲ ကုလသမဂ္ဂမှာ မြန်မာကိုဆက်ပြီး ကိုယ်စားပြုခွင့် ရခဲ့တာပါ။