ယူနတီ သတင်းထောက်တွေ ထောင်ချမှု စာနယ်ဇင်းအဖွဲ့တွေ သမ္မတထံ ကန့်ကွက်စာပို့မည်


2014.07.11
unity-reporter-protest-305 ယူနတီဂျာနယ် သတင်းထောက်တွေကို အလုပ်ကြမ်း နဲ့ထောင်ဒဏ် ၁ဝ နှစ်ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ သတင်းမီဒီယာသမားတွေက ဇူလိုင်လ ၁၁ ရက်နေ့ မနက်က ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှာရှိတဲ့ ကြေးသွန်း ဘုရားမှာ ဝတ်ပြုဆုတောင်းစဉ်
Photo: Nay Myo Htun,Kyaw Lwin Oo/RFA

နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှု ဥပဒေနဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက် ကို ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အိတ်ဖွင့်ပေးစာကို မြန်မာဂျာနယ်လစ် ကွန်ရက် MJN၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA နဲ့ မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ (MJU) တို့က နိုင်ငံတော်သမ္မတထံ မနက်ဖြန်မှာပေးပို့မှာဖြစ် တယ်လို့ သိရပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပတဲ့ အစည်းအဝေးကနေ ဆုံးဖြတ်လိုက် တာဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် MJN အထွေထွေအတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ ကိုသန်းဌေး က ပြောပါတယ်။

"ဆုံးဖြတ်ချက်က ဘာလုပ်လိုက်လဲဆိုတော့ ပူးတွဲကြေညာချက် ထုတ်လိုက်တယ်၊ MJA ရော U ရော N ရော နောက်တခြားသော မီဒီယာတိုက်တွေ နဲ့ ပေါင်းပြီးတော့ ပူးတွဲကြေညာချက်ထုတ်ပြီးတော့ အဲဒီပူးတွဲကြေညာချက်က အိတ်ဖွင့်ပေးစာအနေနဲ့ မနက်ဖြန် သမ္မတကြီးလက်ထဲကိုပေးမှာပါ"

မနက်ဖြန်မနက် ရန်ကုန်မြို့ရွှေလီလမ်းက မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ငံတော်သမ္မတနဲ့ ရုပ်ရှင်အနုပညာရှင်တွေ တွေ့ဆုံမယ့်အချိန်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပေးပို့မှာဖြစ်ပါတယ်။

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်ရဲ့ မိသားစုတွေအတွက် Eleven Media Group က ကျပ် နှစ်သိန်းစီ ဒီနေ့အစည်းအဝေးမှာ ပေးအပ်ခဲ့ပြီး မြန်မာဂျာနယ်လစ်ကွန်ရက် MJN ကလည်း လစဉ် ကျပ်ငါးသောင်းစီ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့က သတင်းထောက်တွေစုပေါင်းပြီး ဒီနေ့ ကြေးသွန်းဘုရားမှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဆုတောင်းပွဲမှာပါဝင်ခဲ့တဲ့ 7 Days News နေ့စဉ်သတင်းစာရဲ့ သတင်းထောက်ချုပ် ကိုအောင်သူရက အခုလို ပြောပါတယ်။

"ယူနတီသတင်းထောက်တွေ ထောင် ၁ဝ နှစ်ချခံရတယ်ဆိုတဲ့ သတင်းကြားကြားခြင်း ဒါကိုလက်မခံနိုင်ဘူး၊ အမြန်ဆုံးတုန့်ပြန်ဖို့ စဉ်းစားတယ်၊ မနေ့က ချက်ခြင်းအရေးပေါ် အစည်းအဝေးခေါ်တယ်၊ ကျနော်တို့ ကြေညာချက်ထုတ်ပြီးတော့ ဒီနေ့မနက်မှာ ကျနော်တို့ မီဒီယာအားလုံးစုပြီးေတော့ ဆုတောင်းပွဲလုပ်တယ်၊ လုံးဝလက်မခံဘူးဆိုတာကို ပြောချင်တာရယ် သူတို့ အမြန်ဆုံးလွှတ်မြောက်ဖို့ရယ် ကျနော်တို့လုပ်တဲ့သဘောပါ၊ ဒီဆောင်းပါးရေးလိုက်လို့ သူတို့ဘာဖြစ်သွားလဲပေါ့ ကျနော်တို့ကြည့်လိုက်တယ် ဘာမှလည်းဖြစ်သွားတာ မဟုတ်တဲ့ကိစ္စတစ်ခုမှာ ၁ဝ နှစ် ဆိုတဲ့ဟာကြီးက အရမ်းများလွန်းအားကြီးတယ်၊ ဒါ နောက်မလုပ်ရဲအောင် မီဒီယာကို ခြိမ်းခြောက်တဲ့သဘော ဖြစ်နေတယ်၊"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ အပတ်စဉ်ထုတ် ယူနတီဂျာနယ်မှာ "မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓါတုလက်နက်စက်ရုံ" ဆိုပြီး ဖေါ်ပြခဲ့တာကြောင့် ယူနတီဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ဦးကို နိုင်ငံတော် လျှို့ဝှက်ပေါက်ကြားမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ၂၈ ဦးနဲ့ တရားခံပြသက်သေ ၇ ဦးတို့ကို စစ်ဆေးခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့ ၁၆ ကြိမ်မြောက်ရုံးချိန်းမှာ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၈ ရက်နေ့က မွန်းတည့်နေဂျာနယ်က အယ်ဒီတာ ၃ဦးနဲ့ သတင်းထောက် ၁ ဦး ကို အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ဃ) ၊ ပြည်သူတွေကို ထိတ်လန့်အောင် လုပ်ဆောင်မှု ဥပဒေ ၅ (ည) တို့နဲ့ ဖမ်းဆီးထားကြောင်း ဂျာနယ်တွေမှာ ရေးသားကြပါတယ်။

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြည်တွင်းသတင်းထောက်တွေနဲ့ သတင်းစာဆရာတွေ က ကန့်ကွက်နေကြတာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုမျိုးဇော်ကိုရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။