ဩဂုတ်တစ်လတည်း ဒုက္ခသည်တစ်သိန်းကျော် ထပ်တိုးကြောင်း UNOCHA ထုတ်ပြန်

ပြီးခဲ့တဲ့သြဂုတ်လ တစ်လထဲမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ ဒုက္ခသည် ရှစ်သိန်းခြောက်သောင်းကျော်သာ ရှိခဲ့ပေမယ့် ဩဂုတ်လထဲမှာ ကိုးသိန်း ခုနစ်သောင်း ကျော် (၉၇၄,၀၀၀) ရှိလာတာဖြစ်ပါတယ်။ စစ်တပ်အာဏာမသိမ်းခင်က ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာရသူ သုံးသိန်းသုံးသောင်းကျော်နဲ့ပေါင်းရင် စစ်ဘေးဒုက္ခသည် စုစုပေါင်းဟာ ၁ ဒဿမ ၃ သန်းကျော် ရှိလာပါပြီ။

အာဏာသိမ်းပြီးနောက် ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ စစ်ကိုင်းတိုင်းက ငါးသိန်းနှစ်သောင်းကျော် နဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းက ကိုးသောင်းရှစ်ထောင်ကျော် (၉၈,၁၀၀) နဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ ကရင်၊ ကယား၊ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်တွေနဲ့ ပဲခူးတိုင်း အရှေ့ပိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့က ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အများစုက လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်ကူညီထောက်ပံ့ဖို့ ခက်ခဲတဲ့ဒေသတွေမှာ ပုန်းရှောင်နေရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခက်အခဲတွေရှိပေမယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းတွေ က ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း စုစုပေါင်းလူဦးရေ ၃ ဒဿမ ၁ သန်းအထိ အကူအညီပေးနိုင်ခဲ့ပြီး ကျန်နေသူတွေအတွက်လည်း အကူအညီတွေ ရရှိဖို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်တဲ့ တိုက်ပွဲကြောင့် ရွာပေါင်း ၁၄ ရွာက ဒေသခံ ၆၀၀ ကျော် မြို့ပေါ်ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။