ကျန်ရှိနေတဲ့ အချက် ၄ ချက်ကို UPDJC မှာ အကြိတ်အနယ် ဆွေးနွေးနေရ

2018-07-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို ၂၀၁၈၊ ဇူလိုင် ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပစဉ်
UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို ၂၀၁၈၊ ဇူလိုင် ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပစဉ်
Photo: Hla Maung Shwe - facebook

၂၁ ရာစု တတိယအကြိမ် ပင်လုံညီလာခံမှာ သဘောတူညီမှု မရသေးတဲ့ အချက် ၄ ချက်ကို အကြိတ်အနယ် ဆွေးနွေးနေရတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံမှာ အချက် ၃၇ ချက်ကို ပြည်ထောင်စု သဘောတူညီချက် စာချုပ်အဖြစ် ချုပ်ဆိုနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ရလဒ်တွေက အားရကျေနပ်စရာ မကောင်းဘူးလို့ UPDJC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့က ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောပါတယ်။

"ဒီပင်လုံနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့လည်း အမှန်တကယ်ပဲဝန်ခံရရင် အားမလို အားမရဖြစ်မိတာ အမှန်ပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၁ နှစ်လောက်ကြာမှကျင်းပတဲ့ ဒီညီလာခံကြီးမှာ ရလာမယ့်ရလဒ်က အားရကျေနပ်ဖွယ် မရှိဘူး၊ ပြီးခဲ့တဲ့ညီလာခံမှာ လူတော်တော်များများက အားရကျေနပ်မှုမရှိဘူး ဒါပေမဲ့ အချက်အလက်အားဖြင့် ၃၇ ချက် ရနိုင်ခဲ့တယ်"

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က တင်သွင်းထားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ကဏ္ဍလေးခုအတွက် အချက် ၁၄ ချက်ထဲမှာ ၁၀ ချက်ကို သဘောတူညီချက် ရရှိထားတာဖြစ်ပါတယ်။

နိုင်ငံရေးကဏ္ဍက လေးချက်၊ စီးပွားရေးကဏ္ဍက တစ်ချက်၊ မြေယာကဏ္ဍက ၂ ချက်၊ လူမှုရေးကဏ္ဍ ၇ ချက် စုစုပေါင်း ၁၄ ချက်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီတွေနဲ့ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က အစုအဖွဲ့အလိုက် ဆွေးနွေးနေတာပါ။

ဒီကနေ့မှာတော့ UPDJC အတွင်းရေးမှူးအဖွဲ့နဲ့ ထပ်မံ ဆွေးနွေးနေတာဖြစ်ပါတယ်။

ဒီတစ်ကြိမ် ညီလာခံမှာ အရေးပါတဲ့ လုံခြုံရေးကဏ္ဍ ဆွေးနွေးစရာခေါင်းစဉ်မပါဘဲ နိုင်ငံရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးအရ ပြန်လည်ပေါင်းစည်းရေးကို ဝေါဟာရနဲ့ ခေါင်းစဉ်ပဲ ဆွေးနွေးနိုင်ခဲ့ပါတယ်။

ရရှိထားတဲ့ သဘောတူညီချက်တွေကို ပြည်ထောင်စု သဘောတူညီချက်အဖြစ် မနက်ဖြန်ကျင်းပမယ့် ညီလာခံမှာ လက်မှတ်ရေးထိုးပြီး အနီးဆုံးကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်မှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့