အပစ်ရပ်ရေး ပြည်ထောင်စုနေ့ လက်မှတ်ထိုးဖို့ ရည်မှန်း


2014.12.23
ncct-upwc-dec23-305.jpg အစိုးရရဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပနေစဉ်။
Photo: Kyaw Zaw Win/ RFA

နောက်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ တစ်နိုင်ငံ လုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ် စားလှယ်တွေက ဒီနေ့ ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော် မတီ UPWC နဲ့ NCCT အဖွဲ့တွေ ၂ရက်ကြာ တွေ့ ဆုံဆွေးနွေးပြီးနောက် ရရှိလာတဲ့ သဘောတူညီ ချက်တွေကို နှစ်ဖက်အဖဲ့ွတွေကြား ပြန်လည်ဆွေးနွေး ပြီး ရှေ့လာမယ့် ဇန်နဝါရီလလယ်ပိုင်း ပြန်ကျင်းပမယ့် အစည်းဝေးတွေမှာ ဆက်လက်ဆွေးနွေးမယ် လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC ရဲ့ ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်းက RFA ကိုပြောပါတယ်၊

"အခုနောက်ဆုံးကျန်တာကတော့ ၁၂၂ တို့ ဘာတို့ပြောတာ တကယ်တော့ အဲ့ဒါတွေ လျော့လိုက်တိုးလိုက်နဲ့ ၁ဝ၃ ချက်ပဲ ကျန်တယ်ဗျ၊ အဲဒီ့ ၁ဝ၂ ချက်ထဲမှာ ဆက်လက်ဆွေးနွေးရန် ကျန်တာက ၈ ချက် ဖြစ်ပါတယ်ခင်ဗျ၊ အဲ့ ၈ ချက်ကို ကျနော်တို့ဒီမှာ ဆက်ပြီးဆွေးနွေးပါတယ်၊ အဲဒီ့ ၈ ချက်စလုံးကို ဆွေးနွေးနိုင်ခဲ့တယ်၊ နှစ်ဖက်ညှိပြီးတော့မှ သဘောတူညီချက်တစ်ခု ကျနော်တို့လုပ်ခဲ့တယ်၊ သို့သော်လည်းပဲ ဒါတွေအားလုံးကို ကျနော်တို့ပြန်ယူသွားမယ်၊ သူတို့ကလည်းပဲ သူတို့လူကြီးတွေ တင်ပြမယ်၊ ကျနော်တို့ကလည်း  ကျနော်တို့လူကြီးတွေ တင်ပြမယ်၊ အဲ့တင်ပြ တာကို နှစ်ဖက်က အတည်ပြုလိုက်မယ်ဆိုရင်တော့ ဒီစာချုပ်ကြီးက ပြီးသွားမယ့် အနေအထားဖြစ်ပါတယ်"

NCCT ဒုတိယ အဖွဲ့ ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း ကတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ကြောင်း ဒီကနေ့ ညနေပိုင်းမှာပြူလုပ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်၊

"ကျနော်တို့ဖြစ်စေချင်တဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့်နေ့ရက်ကို ဖေဖော်ဝါရီလ ၁၂ ရက်က ကျနော်တို့ ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုးနိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်အနာဂါတ် အတွက် တကယ့်ကိုဂုဏ်ရှိတဲ့ မွန်မြတ်တဲ့နေ့ရက်တစ်ရက်ဖြစ်လို့ ကျနော်တို့က အဲ့လိုဖြစ်စေချင်တာ၊ ကျနော်တို့ နှစ်ဖက်ကတော့ အဲ့နေ့ရက်ကို လက်မှတ်ထိုးနိုင်အောင် ကြိုးစားနေပါတယ်"

NCCT နဲ့ UPWC တို့ရဲ့ နောက်တစ်ကြိမ် ဆွေးနွေးပွဲမတိုင်ခင် လိုင်ဇာစစ်သင်တန်းကျောင်းကို အစိုးရစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး နှစ်ဖက်ဆွေးနွေးသွားဖို့ ညိုနှိုင်းနေတယ်လို့လည်း နှစ် ဖက်ခေါင်းဆောင်တွေက ပြောပါတယ်။

နောက်တစ်ကြိမ်ဆွေးနွေးပွဲကို လာမယ့်နှစ် ဇန်နဝါရီလ လလယ်လောက်မှာ ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ သဘောတူညီချက်ရခဲ့ကြပါတယ်။

UPWC နဲ့ NCCT အဖွဲ့တွေရဲ့ ၂ ရက်ကြာလုပ်ငန်းဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ NCCT ဘက်က ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။