EAO နဲ့ PDF တွေကိုပါကူညီမယ့် ကာကွယ်ရေးဥပဒေ ကန်အောက်လွှတ်တော်အတည်ပြု

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို နည်းပညာအထောက်အပံ့ပေးမယ့် အမေရိကန်အစိုးရရဲ့ အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ National Defense Authorization Act (NDAA) ကို ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပတဲ့ အမေရိကန်အောက်လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။

ဖက်ဒရယ်စနစ်ခိုင်မာစေဖို့အတွက် လုပ်ဆောင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေအပါအဝင် ဖက်ဒရယ်စနစ်အတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေ၊ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို လက်နက်မဟုတ်တဲ့ နည်းပညာနဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် အကူအညီတွေ ပေးသွားမယ့် အကြောင်းတွေပါဝင်ပါတယ်။

အရပ်ဘက်အုပ်ချုပ်ရေး ထူထောင်ရေးအတွက် CDM လုပ်လာတဲ့ စစ်သားတွေအတွက်လည်း NDAA မှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကို တိုက်ရိုက်သောနည်း၊ သွယ်ဝိုက်သောနည်းတွေနဲ့ ကူညီထောက်ခံနေတဲ့ ရုရှားနဲ့ တရုတ်အနေနဲ့ ဒီအပေါ်မှာ တာဝန်ခံရမယ်လို့လည်း ပါရှိပါတယ်။

318600834_1249750395886632_2255348003574944198_n.jpg
အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ National Defense Authorization Act (NDAA) ထဲမှ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာ တချို့။

အမေရိကန်အစိုးရအနေနဲ့ အမှန်တကယ်ခွင့်ပြုသွားမယ်ဆိုရင် မြန်မာနိုင်ငံအတွက် ၂ဝ၂၃ ခုနှစ်ကနေ ၂ဝ၂၇ ခုနှစ် ဘဏ္ဍာနှစ်အတွက် ခွင့်ပြုရန်ပုံငွေ ဖြစ်သွားမှာပါ။

အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ဟာ အမေရိကန်လွှတ်တော်က နှစ်စဉ်ရေးဆွဲ အတည်ပြုတဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာအသုံးစရိတ်ဖြစ်ပါတယ်။