မြန်မာ့အရေးဆွေးနွေးမယ့် အမေရိကန်ဒုသမ္မတရဲ့ အာရှခရီး မကြာခင် စတင်မည်

အမေရိကန်ဒုသမ္မတ ကမ်မလာ ဟဲရစ် (Kamala Harris) က သူ့ရဲ့ အာရှခရီးစဉ်အတွင်း မြန်မာ့အရေး ဆွေးနွေးဖို့ ရှိပါတယ်။

နိုဝင်ဘာ ၁၆ ရက် ဗုဒ္ဓဟူးနေ့က ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ထွက်ခွာခဲ့ပြီး သောကြာနေ့မှာတော့ ဘန်ကောက်မြို့မှာကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ညီလာခံကို တက်ရောက်လိမ့်မယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားတာပါ။

သူ့ရဲ့ဒီခရီးစဉ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်စည်ဖြန့်ဖြူးမှုနဲ့ ဈေးကွက်ချိတ်ဆက်မှု၊ တခြားအပိုင်းတွေကနေတစ်ဆင့် အင်ဒို-ပစိဖိတ်ဒေသမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်မယ့် အခွင့်အလမ်းတွေကို အဓိကအာရုံစိုက်မှာဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတ Harris ဟာ ဒီခရီးစဉ်အတွင်းမှာ ထိုင်းနဲ့ ဖိလစ်ပိုင်ခေါင်းဆောင်နှစ်ဦးစလုံးနဲ့ သီးခြားစီ တွေ့ဆုံပြီး မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးဖို့ ရှိပါတယ်။

နိုဝင်ဘာ ၁၉ စနေနေ့မှာတော့ ဒု သမ္မတဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) နဲ့ သီးသန့်တွေ့ဆုံပြီး- ရာသီဥတုပြဿနာနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတွင်းနဲ့ ကမ္ဘာ့ဖွံ့ဖြိုးမှု ကိစ္စတွေအပါအဝင် မြန်မာနိုင်ငံက အခြေအနေတွေကို ပြောဆိုဖို့ ရှိတယ်လို့ အိမ်ဖြူတော်ရဲ့ကြေညာချက်မှာ ဖော်ပြထားတာပါ။

နိုဝင်ဘာ ၂ဝ ရက်မှာတော့ ဖိလစ်ပိုင်နိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်းလည်းဖြစ်တဲ့ မဲခေါင်ဒေသမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သန့်ရှင်းတဲ့စွမ်းအင်ရရှိရေးနဲ့ ရာသီဥတုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမှာပါ။

မြန်မာ့အရေးဆွေးနွေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တစ်ဦးရဲ့အမေးကိုတော့ - အိမ်ဖြူတော်ပြောခွင့်ရသူက - ဒေသတွင်းက စိုးရိမ်စရာကိစ္စတွေကို အာရုံစိုက်ပြောဆိုမှာဖြစ်တဲ့အတွက် မြန်မာ့အရေးဟာ ထိပ်ဆုံးမှာရှိနေတာပါလို့ ပြန်ဖြေခဲ့ပါတယ်။

ဒု သမ္မတအနေနဲ့ ထိုင်းနဲ့ဖိလစ်ပိုင်ခေါင်းဆောင်နှစ်ဦးစလုံးနဲ့ မြန်မာ့အရေးကို သေချာပေါက် ဆွေးနွေးမှာဖြစ်ပြီး ဒါဟာ မြန်မာပြည်သူတွေကို အမေရိကန်က ဆက်ပြီးထောက်ခံအားပေးနေတယ်ဆိုတာကို ပြသနိုင်မယ့် အခွင့်အရေးတစ်ခုအဖြစ် အိမ်ဖြူတော်ပြောခွင့်ရသူက တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံကို တက်ရောက်ခဲ့သူ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း - မြန်မာနိုင်ငံ ဒီမိုကရေစီပြန်ရဖို့ ဆက်ကြိုးပမ်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။