မြန်မာနဲ့သံတမန်ဆက်ဆံရေး လျှော့ချဖို့ အမေရိကန်ဆုံးဖြတ်

အမေရိကန်နိုင်ငံဟာ အခုလကုန်မှာ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါ နေရပ်ပြန်တဲ့အခါ အမေရိကန် သံအမတ်ရာထူးအတွက် အသစ်ခန့်အပ်ခြင်း မပြုဘဲ မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေးကို အဆင့်ချထားတော့မှာ ဖြစ်ကြောင်း Nikkei Asia က ဒီဇင်ဘာလ ၈ရက်နေ့က သတင်းဖော်ပြခဲ့ပါတယ်။

အခုလို သံတမန်ဆက်ဆံရေး အဆင့်လျှော့ချထားလိုက်တာဟာ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း လာမယ့်နှစ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ပြသလိုက်တာ ဖြစ်တယ်လို့ Nikkei Asia သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၈ရက်ညနေပိုင်းအထိ တရားဝင်ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

Thomas Vajda.jpg
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် သောမတ်စ် ဗိုက်ဒါ။ (U.S. Embassy Rangoon)

ဝါရှင်တန်ဒီစီက သံတမန်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကတော့ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် နေရပ်ပြန်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး RFA ကို အခုလို ပြောပါတယ်။

“အမေရိကန် သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါကို အမေရိကန် အစိုးရက ပြန်ခေါ်လိုက်တာ မဟုတ်ပါဘူး။ သူက ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ နေရပ်ပြန်ဖို့ တောင်းဆိုတာကို ဝါရှင်တန်က ခွင့်ပြုလိုက်တာပါ။ သံအမတ်တစ်ယောက်ရဲ့ တာဝန်က ပုံမှန် သုံးနှစ်ဖြစ်ပေမယ့် နှစ်မပြည့်ခင် နေရပ်ပြန်ရင် နောက်တစ်ယောက် အစားထိုး ခန့်အပ်ပါတယ်။ မြန်မာကိစ္စမှာတော့ အခုအချိန် သံအမတ် အသစ်ခန့်အပ်ရင် ခန့်အပ်လွှာ ကို ဘယ်သူ့ကို ပေးမလဲဆိုတာ မေးစရာ ရှိလာပါတယ်။ အမေရိကန် အစိုးရက NLD အစိုးရကိုပဲ လက်ခံအသိအမှတ်ပြုတဲ့အတွက် NLD အစိုးရ အဖွဲ့ဝင်တွေ ထိန်းသိမ်းခံထားရတဲ့ အချိန်မှာ သံအမတ် ခန့်အပ်လွှာ ကို လက်ခံမယ့် သူမရှိဘဲ ဖြစ်နေပါတယ်။ ဒါကြောင့်မို့ သံအမတ် ခန့်အပ်လွှာ ပေးဖို့ မလိုတဲ့ သံရုံး ယာယီ တာဝန်ခံ သံမှူးကြီးရာထူးအတွက် လက်ရှိ ဒုသံမှူးကြီးက တာဝန်ယူပြီး ဆက်လက်လည်ပတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။”

သူက သတင်းမီဒီယာတွေနဲ့ စကားပြောဆိုခွင့်မရှိတဲ့အတွက် သူဘယ်သူဘယ်ဝါဆိုတာ မဖော်ပြဖို့ တောင်းဆိုထားပါတယ်။

အမေရိကန်အစိုးရဟာ ပြည်ပသံရုံးတွေမှာ သံအမတ်အသစ် ခန့်အပ်နိုင်ခြင်း မရှိတာ အဆန်းမဟုတ်ပေမယ့် အခုလို မြန်မာနိုင်ငံအတွက် သံအမတ်အသစ် ခန့်အပ်ခြင်း မရှိတာကတော့ နိုင်ငံရေး အကြောင်းပြချက်ကြောင့် ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

“အရင် သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ သံအမတ်အသစ်တွေ မခန့်အပ်ဘဲ ထားတဲ့အတွက် အမေရိကန် သံရုံးတော်တော်များများမှာ သံအမတ် မရှိဘဲ သံရုံးယာယီတာဝန်ခံက ဆက်လက်တာဝန်ယူပြီး လည်ပတ်နေခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအရေးမှာတော့ သံအမတ် အသစ်မခန့်တာ နိုင်ငံရေး အကြောင်းပြချက်ကြောင့် အများကြီး ပါဝင်နေပါတယ်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေး ယန္တရားကို တရားမဝင်ယူထားတဲ့ စစ်ကောင်စီ အုပ်ချုပ်နေသရွေ့ အမေရိကန် အစိုးရက သူတို့ တရားဝင်ခန့်အပ်တဲ့ သံအမတ် ခန့်အပ်လွှာကို စစ်ကောင်စီ အဖွဲ့ဆီကို ဘယ်တော့မှ လာပေးမှာ မဟုတ်ပါဘူး။”

5S9A5962-a.jpg
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးရှေ့တွင် စစ်အာဏာသိမ်းမှုကို ဆန္ဒပြနေသူများကိုတွေ့ရစဉ်။ (RFA) (MyoGyi)

၁၉၉၉ ခုနှစ်ကနေ ၂ဝဝ၂ ခုနှစ်အထိ ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ သံမှူးကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ Priscilla Clapp ကတော့ မြန်မာနိုင်ငံက အမေရိကန်သံရုံးမှာ သံအမတ်မရှိတော့တာနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချလိုက်ပြီလို့ ယူဆလို့ မရသေးဘူးလို့ ပြောပါတယ်။

“အခုအချိန်မှာ သံတမန် ဆက်ဆံရေးကို တရားဝင် အဆင့်နှိမ့်လိုက်ပြီလို့ ပြောဖို့ မရသေးဘူးလို့ ထင်ပါတယ်။ ဒါက သတင်းမီဒီယာတွေက မှန်းဆပြီး ရေးသားလိုက်တာပါ။ အခုဖြစ်နေတာက အမေရိကန် အစိုးရက သံအမတ်အဖြစ် ခန့်အပ်လွှာကို စစ်ကောင်စီ တာဝန်ရှိသူဆီကို မပေးအပ်ချင်တာပါ။ သံအမတ်မထားတော့ဘဲ သံတမန် ဆက်ဆံရေး အဆင့်နှိမ့်လိုက်တဲ့သဘော မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင် သံမှူးအဖြစ် တာဝန်ယူစဉ်ကလည်း ဒီလိုပါပဲ။ အဲဒီအချိန်က အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သဘောထားအရ သံအမတ်တစ်ယောက်ရဲ့ တာဝန်ကို ယူထားခဲ့ပြီး၊ သံအမတ်နေအိမ်မှာ နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က အုပ်ချုပ်နေတဲ့ စစ်အစိုးရကို အမေရိကန်အစိုးရကို ကိုယ်စား သံအမတ် ခန့်အပ်လွှာ မပေးအပ်ခဲ့ပါဘူး။ ဒီလိုသံအမတ် မရှိတာကြောင့် အမေရိကန် သံရုံးရဲ့ ပုံမှန် လုပ်ငန်းဆောင်ရွက်မှုတွေကို လျော့ချလိုက်တာမျိုး မရှိပါဘူး။ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံရဲ့ သံတမန် ဆက်ဆံရေး အဆင့်လျော့ချလိုက်ပြီလားဆိုတာကိုတော့ အမေရိကန် အစိုးရက တရားဝင် ကြေငြာမှပဲ အတည်ပြုနိုင်ပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ပြင်းပြင်းထန်ထန် ဝေဖန်ဆန့်ကျင်တဲ့ ဗြိတိန်နိုင်ငံကလည်း စစ်ကောင်စီကို သံအမတ်အသစ် ခန့်အပ်လွှာပေးအပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်သစ် ပီတ်ဘောင်ဝယ် (Pete Bowles)ဟာ ၂ဝ၂၁ ခုနှစ်က မြန်မာနိုင်ငံကို ရောက်လာခဲ့ပေမယ့် စစ်ကောင်စီကို သံအမတ် ခန့်အပ်လွှာလာရောက် ပေးအပ်ခြင်း မရှိဘဲ သူ့ရဲ့ ရာထူးကိုလည်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးတာဝန်ခံအဖြစ် ပြောင်းလဲခဲ့ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို ဝင်ခွင့်တော့ ပြန်လည်မပေးသေးပါဘူး။

အခုအချိန်မှာ ဂျာမနီ၊ သြစတြေးလျ၊ ကနေဒါနဲ့ တောင်ကိုရီးယားနိုင်ငံတွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်က မြန်မာနိုင်ငံအတွက် သံအမတ်အသစ် ခန့်အပ်ခြင်း မပြုဘဲ ထားကြပြီး အိန္ဒိယ၊ သီရိလင်္ကာ၊ ဆော်ဒီ အာရေးဘီးယား နဲ့ ဘီလာရုဇ်နိုင်ငံတွေက သံအမတ်တွေကတော့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို သံအမတ်ခန့်အပ်လွှာတွေ သွားရောက်ပေးအပ်ခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာဆိုရင် မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းနိုင်ငံသံရုံးတွေဟာ သံအမတ် အသစ်ခန့်အပ်ခြင်းမရှိဘဲ သံရုံးယာယီတာဝန်ခံတွေနဲ့ ဆက်လက်လည်ပတ်နေတာဖြစ်ပြီး ထိုင်းအစိုးရကတော့ ထိုင်းသံအမတ်သစ် ခန့်အပ်လွှာကို မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့ကပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို သွားရောက်ပေးအပ်ခဲ့တဲ့အကြောင်း စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။