စစ်တပ်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းကြီးနှစ်ခုကို အမေရိကန် အရေးယူဒဏ်ခတ်ဖို့ ပြင်ဆင်နေ

2021.03.25
စစ်တပ်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းကြီးနှစ်ခုကို အမေရိကန် အရေးယူဒဏ်ခတ်ဖို့ ပြင်ဆင်နေ ရန်ကုန်မြို့ကဆန္ဒပြပွဲ
Photo- Reuters
မြန်မာစစ်တပ်ကိုင်တွယ်လည်ပတ်နေတဲ့ ကော်ပိုရေးရှင်းကြီးနှစ်ခုကို အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်ဖို့ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။
 
မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (MEHL ) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC )တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက နံမည်ပျက်စာရင်းသွင်းပြီး အရေးယူပိတ်ဆို့ဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။
 
ဒီကိစ္စနဲ့ ပတ်သက်ပြီး Reuters သတင်းဌာနက MEHL ကို မှတ်ချက်တောင်းတဲ့အခါ စီးပွားရေးလုပ်ငန်းကို အာရုံထားနေရပြီး တစုံတရာ ချက်ချင်း မတုံ့ပြန်နိုင်သေးဘူးလို့ အထွေထွေမန်နေဂျာ ဦးလှမျိုးက အီးမေးလ်ကတဆင့်အကြောင်းပြန်ခဲ့ပါတယ်။
 
MEHL နဲ့ MEC ဟာ အဓိက ကော်ပိုရေးရှင်းကြီးနှစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်း တရာကျော်လည်ပတ်နေတာမို့ အရပ်သားပိုင် ကုမ္ပဏီအားလုံးထက် စစ်တပ်အတွက် ဝင်ငွေရနေပါတယ်။
 
ဒီကော်ပိုရေးရှင်းကြီးနှစ်ခုရဲ့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေကို မသိရဘဲ အခွန်ကင်းလွတ်ရတယ်လို့ဆိုပါတယ်။
 
ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကြေးနီလုပ်ငန်းနဲ့ကျောက်မျက်ရတနာလုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေကနေ ဒေါ်လာဘီလီယံနဲ့ချီရရှိနေတာလည်းဖြစ်ပါတယ်။
 
ရှစ်လေးလုံးအရေးတော်ပုံကြီးကို အင်အားသုံးဖြိုခွင်းပြီး စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက် MEHL မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ဟာ ပထမဆုံး ပုဂ္ဂလိကကုမ္ပဏီအဖြစ်ပေါ်ထွန်းလာပါတယ်။
 
ကျောက်စိမ်းနဲ့ ပတ္တမြားလုပ်ငန်းက အစ၊ ဘဏ်လုပ်ငန်း၊ စားသောက်ကုန်နဲ့ အချိုရည်ရောင်းချတဲ့ လုပ်ငန်းအလယ်၊ ခရီးသွားလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအဆုံး လုပ်ငန်းမျိုးစုံက ဝင်ငွေရနေပါတယ်။
 
MEC မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ၁၉၉၇ ခုမှာ စတင်ထူထောင်ပြီး ဦးပိုင်လို လုပ်ငန်းမျိုးစုံရှိပေမယ့် ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့အပါအဝင် ကုန်ကြမ်းထုတ်လုပ်ရေးကို ဦးစားပေးပြီး ကုန်ချောထုတ်တဲ့ဘက်ကို အလေးထားလုပ်ပါတယ်။
 
စစ်တပ်အတွက် သဘာဝသယံဇာတနဲ့ စက်ရုံထုတ်ပစ္စည်းတွေ ဖြန့်ဖြူးပေးဖို့ MEC က ရည်ရွယ်ပါတယ်။ စစ်တပ်ပိုင် ဒီကော်ပိုရေးရှင်းကြီးနှစ်ခုဟာ မြန်မာနိုင်ငံက အကြီးဆုံး ဘဏ်နှစ်ခုကို ပိုင်ဆိုင်ပါတယ်။
 
၁၉၉၃ ခုနှစ်မှာ တည်ထောင်တဲ့ မြဝတီဘဏ်ကို ဦးပိုင်က ပိုင်ပြီး ၁၉၉၇ ခုနှစ်မှာ ဖွင့်လှစ်တဲ့ အင်းဝဘဏ်ကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ပိုင်ပါတယ်။
 
ဒီကော်ပိုရေးရှင်းကြီးနှစ်ခုနဲ့ လက်အောက်ခံ ကုမ္ပဏီတွေကို ဗိုလ်ချုပ်မှုုးကြီး မင်းအောင်လှိုင်အပါအဝင် လက်ရှိ စစ်တပ်ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ အရင်ကစစ်တပ်ထိပ်တန်းပုဂ္ဂိုလ်တွေ သြဇာညောင်းပါတယ်။
 
မြန်မာနိုင်ငံတဝန်းမှာ ဒီကော်ပိုရေးရှင်းနှစ်ခုက မြေယာတွေပိုင်ဆိုင်ပြီး နိုင်ငံခြားကုမ္ပဏီတွေကိုငှားရမ်းထားတာလည်း ရှိပါတယ်။ ဒါတင်မက ပြည်ပကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။