စစ်ကောင်စီလက်နက်ပွဲစား ဦးကျော်မင်းဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

မြန်မာစစ်တပ်အတွက် လက်နက်ပစ္စည်းတွေ ဝယ်ပေးနေတဲ့ ခရိုနီလုပ်ငန်းရှင် ဦးကျော်မင်းဦးနဲ့ သူ့ရဲ့ စကိုင်းအဲဗီယေတာ ကုမ္ပဏီ (Sky Aviator Company Limited) တို့ကို အမေရိကန်အစိုးရက ဒီနေ့ ပိတ်ဆို့အရေးယူလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားတဦးဖြစ်တဲ့ ဦးကျော်မင်းဦးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာမသိမ်းခင်ကတည်းက မြန်မာစစ်တပ်အတွက် လက်နက်တွေတင်သွင်းပေးနေသူဖြစ်ပြီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ အဆင့်မြင့်တင်ရေးအတွက် ဆောင်ရွက်ပေးခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ဦးကျော်မင်းဦးဟာ နိုင်ငံခြား စစ်အရာရှိတွေ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ပေးခဲ့သူဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးကျော်မင်းဦးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကနေ အကျိုးအမြတ်ရရှိခဲ့သူဖြစ်တယ်လို့ အကြမ်းဖက်မှုနဲ့ ငွေကြေးထောက်လှမ်းရေးဆိုင်ရာ အမေရိကန် ဒု-ဘဏ္ဍာရေးဝန်ကြီး ဘရိုင်ယန် နယ်လ်ဆင် (Brian Nelson) က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိတဲ့အထိ စစ်ကောင်စီနဲ့ သူ့ကိုထောက်ခံသူတွေအပေါ် တိုးမြှင့်ဖိအားပေးသွားမယ့်အကြောင်းလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။