အမေရိကန် NDAA ဥပဒေကို အထက်လွှတ်တော် ဆက်လက်အတည်ပြု

မြန်မာနိုင်ငံက ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူတွေကို ကူညီထောက်ပံ့မယ့် အချက်တွေ ပါတဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) - ၂၀၂၃ ကို ဒီဇင်ဘာလ ၁၅ရက်နေ့မှာ အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

NDAA ကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ အောက်လွှတ်တော်က အတည်ပြုပြီးနောက် အထက် လွှတ်တော်ကို တင်ပြရာမှာလည်း ဒီနေ့မှာ အတည်ပြုနိုင်ခဲ့ပြီး အခုဆိုရင် သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးဖို့ပဲ ကျန်တော့တာပါ။

ဒီဥပဒေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေအပါအဝင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေ တဲ့ အဖွဲ့အစည်းတွေကို နည်းပညာနဲ့ လူကိုသေစေနိုင်တာမရှိတဲ့ အရာတွေကို ထောက်ပံ့ ကူညီပေးသွားဖို့ကို ရေးသားထားပါတယ်။

အခုလို အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က မြန်မာ့အရေးကူညီဖို့ ဘားမားအက်ဥပဒေ (Burma Act) ၂၀၂၂ ပါဝင်တဲ့ NDAA ကို အတည်ပြုလိုက်တာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ကျေးဇူးတင်ကြောင်း ဒီနေ့မှာပဲ ထုတ်ပြန်ပါတယ်။

အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) -၂၀၂၃ အတည် ဖြစ်လာရင် မြန်မာနိုင်ငံအတွက် ၂၀၂၃ ကနေ ၂၀၂၇ ခုနှစ်အထိ အကူအညီတွေ ရရှိမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ကနေ အခုလိုအကူအညီမျိုးကို ၂၀၁၃ ခုနှစ်က ဆီးရီးယားနိုင်ငံက သမ္မတအာဆတ် (Bashar al-Assad) ဖြုတ်ချရေး တိုက်ပွဲဝင် သူတွေကိုလည်း အကူအညီပေးခဲ့ ဖူးပါတယ်။

မြန်မာအတွက်လည်း စစ်သုံးအထောက်အကူပြုပစ္စည်းတွေ၊ ယာဉ်ယန္တရားတွေကနေ အုပ်ချုပ်ရေးတည်ဆောက်နိုင်ဖို့အထိ ရနိုင်တယ်လို့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ဘာသာရပ်ကို လေ့လာဆည်းပူးနေတဲ့ ကိုကျော်စောဟန်က ပြောပါတယ်။

အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) - ၂၀၂၃ မှာ မြန်မာနိုင်ငံအပြင် မြောက်ကိုရီးယားနိုင်ငံ၊ အီရန်နိုင်ငံ နဲ့ တခြားသောနိုင်ငံတွေနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ အကြောင်းလည်း ပါဝင်နေပြီး NDAA ၂၀၂၃ တစ်ခုလုံးမှာ အမေရိကန်ဒေါ်လာ ၈၅၈ ဘီလီယံ သုံးစွဲသွားဖို့ ရှိနေပါတယ်။