စစ်ကောင်စီလက်ထက် ဘဏ္ဍာငွေသုံးစွဲရေး ပွင့်လင်းမြင်သာမှု မရှိကြောင်း အမေရိကန်ထုတ်ပြန်

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အရပ်သားအစိုးရ လက်ထက်မှာ အစိုးရရဲ့ ဘဏ္ဍာငွေ သုံးစွဲတဲ့ ပွင့်လင်းမြင်သာမှု အခြေအနေ တိုးတက်လာခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပွင့်လင်းမြင်သာမှု အခြေအနေ တစ်ဟုန်ထိုးကျဆင်းသွားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အရင် အရပ်သား အစိုးရဟာ ဘဏ္ဍာနှစ်တစ်နှစ် ကုန်ဆုံးတဲ့အချိန်မှာ နောက်တစ်နှစ်အတွက် အစိုးရအသုံးစရိတ် ဘတ်ဂျက်ငွေ အဆိုပြုချက်တွေနဲ့ ဘဏ္ဍာငွေသုံးစွဲမှု အခြေအနေ လေးလပတ် အစီရင်ခံစာတွေ ပုံမှန် ထုတ်ပြန်ခဲ့ပေမယ့် လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကတော့ ဒီလုပ်ဆောင်ချက်တွေကို လုံးဝ ရပ်ဆိုင်းလိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အစိုးရ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေနဲ့အညီ နှစ်တစ်နှစ်အတွက် အစိုးရရဲ့ အသုံးစရိတ်နဲ့ ဝင်ငွေတွေကို တိတိကျကျ ထုတ်ပြန်တာ မရှိဘဲ အထူးသဖြင့် ကာကွယ်ရေး ဝန်ကြီးဌာနက လက်အောက်မှာ ရှိတဲ့ စစ်တပ်ပိုင် လုပ်ငန်းကြီးတွေအတွက် ဘဏ္ဍာငွေသုံးစွဲမှုနဲ့ ဒီလုပ်ငန်းကြီးတွေကရတဲ့ ဝင်ငွေတွေကို အသိပေးထုတ်ပြန်မှု လုံးဝ မရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစိုးရရဲ့ ဘဏ္ဍာငွေ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ဆေးထုတ်ပြန်ဖို့ တာဝန်ရှိတဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံးဟာလည်း လွတ်လပ်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ဖို့ နိုင်ငံတကာ စံနှုန်းတွေကို မပြည့်မီတော့တဲ့အကြောင်း၊ သဘာဝ သယံဇာတထုတ်လုပ်မှု လိုင်စင်တွေ ချထားပေးတာနဲ့ ပတ်သက်တဲ့ ဝင်ငွေတွေကို ဥပဒေနဲ့ အညီ ထုတ်ပြန်တာမရှိတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ပုံမှန် ထုတ်ဝေနေကျ ဘဏ္ဍာငွေအသုံးစရိတ် အစီရင်ခံစာတွေကို တိတိကျကျ ထုတ်ပြန်ပေးဖို့၊ ဘဏ္ဍာနှစ်တစ်နှစ်အတွက် အသုံးစရိတ် လေ့လာစိစစ်မှု အစီရင်ခံစာ ထုတ်ပြန်ဖို့၊ အစိုးရပိုင်နဲ့ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေရဲ့ အသုံးစရိတ်၊ ဝင်ငွေနဲ့ တင်ရှိနေတဲ့ ကြွေးမြီတွေကို တိတိကျကျ ထုတ်ပြန်ပေးဖို့၊ နိုင်ငံအဆင့် စာရင်းစစ်ချုပ် အဖွဲ့အစည်းကို လွတ်လပ်မှုရှိအောင် ဆောင်ရွက်ဖို့၊ စစ်တပ်နဲ့ လုံခြုံရေး အသုံးစရိတ်တွေ ချမှတ်တဲ့ နေရာမှာ အရပ်သားခေါင်းဆောင်တွေရဲ့ စီမံခန့်ခွဲမှုကို လက်ခံဖို့နဲ့ သဘာဝ သယံဇာတက ရတဲ့ ဝင်ငွေတွေကို အများသိအောင် ထုတ်ပြန်ပေးဖို့ စတာတွေကို ဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တိုက်တွန်းထားပါတယ်။