ပြင်သစ်၊ ဗြိတိန်နဲ့ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ လစ်ဗျားကို စတင် တိုက်ခိုက်

ပြင်သစ်လေတပ်က တိုက်လေယာဉ် တွေဟာ လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ အနီးက သမ္မတ ကဒါဖီတပ်တွေရဲ့ ပစ်မှတ်တွေကို ဒီကနေ့ ဝင်ရောက် တိုက်ခိုက်လိုက်ပါတယ်။

2011.03.20
tomahawk_missile_libya_305_z လစ်ဗျားအစိုးရအပေါ် အရေးယူရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ အမေရိကန် ပြည်ထောင်စု၏ Odyssey Dawn အမည်ရှိ စစ်ဆင်ရေး စတင်သည့် ၂ဝ၁၁ ခုနှစ် မတ်လ ၁၉ ရက်နေ့က Tomahawk တာဝေးပစ် ဒုံးကျည်တခုကို အမေရိကန်ရေတပ် ဖျက်သင်္ဘော USS Barry (DDG 52) ပေါ်မှ ပစ်လွှတ်နေပုံ ဖြစ်ပါသည်။ (Soure: navy.mil)
(Soure: navy.mil)

ပြင်သစ် စစ်လေယာဉ်တွေ ဝင်ရောက် တိုက်ခိုက်နေချိန်ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ လစ်ဗျားဆိုင်ရာ နိုင်ငံတကာ အစည်းအဝေး ကျင်းပနေချိန် ဖြစ်ပါတယ်။ ပြင်သစ်သမ္မတ ဆာကိုဇီက ပဲရစ် အစည်းအဝေး အပြီး သတင်းထောက်တွေကို ပြောရာမှာ ကဒါဖီရဲ့ တပ်တွေကို မဟာမိတ်တပ်တွေ စပြီး တိုက်ခိုက်နေပြီဖြစ်ကြောင်း ပြောပါတယ်။

ပြင်သစ်သမ္မတက ပြောကြားအပြီးမှာပဲ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ ပင်တဂွန် စစ်ဌာနချုပ်က သတင်းစာ ရှင်းလင်းပွဲ ချက်ချင်းပြုလုပ်ပြီး အမေရိကန်နိုင်ငံ အနေနဲ့ လစ်ဗျားပြည်သူတွေကို အကာအကွယ်ပေးရေး Operation Odyssey Dawn မှာ ဦးဆောင်ပါဝင် ဆင်နွဲနေပြီဖြစ်ကြောင်း ပင်တဂွန် ပြောခွင့်ရသူ ရေတပ် ဗိုလ်ချုပ်ကြီး ဝီလီယံ ဂေါ့တနီက ပြောလိုက်ပါတယ်။

ဒီ သတင်းစာရှင်းလင်းပွဲ အပြီးမှာပဲ လက်တင်အမေရိက ငါးနိုင်ငံခရီး ထွက်နေတဲ့ အမေရိကန်သမ္မတ အိုဘားမားက ဘရာဇီးနိုင်ငံကနေ အမေရိကန် ပြည်သူတွေကို မိန့်ခွန်းပြောရာမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ နောက်ထပ် စစ်ပွဲတခုမှာ ပါဖို့ အများကြီး စဉ်းစားပြီးမှ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားချက်အရ အခု စစ်ဆင်ရေးဟာ အဆင့်ပေါင်း များစွာထဲက တခုသာဖြစ်ပြီး ဘာတွေ ဆက်အရေးယူမယ် ဆိုတာ ထုတ်ဖော်ပြောဖို့ ငြင်းပါတယ်။

နောက်ဆုံးဝင်လာတဲ့ သတင်းတွေအရ လစ်ဗျားမြောက်ပိုင်း မြေထဲပင်လယ်ထဲမှာ ပြင်သစ်က Mirage နဲ့ Rafale တိုက်လေယာဉ်တွေ အပါအဝင် စစ်လေယာဉ် အစင်း ၂ဝ လောက် စေလွှတ်ထားတယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ စစ်ရေးအရ အကန့်အသတ်နဲ့ပဲ ပါဝင်မယ်လို့ ဆိုထားပေမယ့် စစ်သင်္ဘောကြီး ၄ စင်းနဲ့ အဝေးထိန်း ဒုံးခွင်းဒုံးတွေ ပစ်ခတ်နိုင်တဲ့ ဖျက်သင်္ဘောတစင်း စေလွှတ်ထားပါတယ်။ ဒေသတွင်းက အီတလီ လေတပ်စခန်းမှာလည်း F 16 တိုက်လေယာဉ် အစင်း ၄ဝ ကျော်က ဒီစ စ်ဆင်ရေးမှာ ပါဝင်တယ်လို့ သိရပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုကျော်မင်းထွန်း စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
တဆက်ထဲမှာလည်း ဒီလို ဝင်ရောက် တိုက်ခိုက်ဖို့အတွက် အခရာကျတဲ့ နိုင်ငံတကာ သဘောတူညီချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ပါတယ်။ လစ်ဗျားအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက  စစ်ရေးအရ ဝင်ရောက်အရေးယူဖို့ ဆုံးဖြတ်ချက်အမှတ် (၁၉၇၃) ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ချမှတ်ခဲ့တာရဲ့ နောက်ကွယ်မှာ ဘယ်လို အခက်အခဲနဲ့ အကြောင်းအရာတွေ ရှိပါသလဲ။ NCGUB ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။