အမေရိကန်ဗီဇာအင်တာဗျူးလျှောက်လွှာ မတ်လ ၁၁ ရက်နေ့စတင်ထုတ်ပေးမည်

အမေရိကန်ပြည်ထောင်စုကို ပညာရေးကဏ္ဍနဲ့လာဖို့ ပြည်ဝင်ခွင့်ဗီဇာလျှောက်မဲ့ မြန်မာနိုင်ငံသားတွေအတွက် အင်တာဗျူးလို့ခေါ်တဲ့ လူတွေ့ တွေ့ဆုံမေးမြန်းမှုလျှောက်လွှာကို ဒီနေ့ မတ်လ ၁၁ ရက် မွန်းလွဲ သုံးနာရီကနေ၊ မတ်လ ၂၂ ရက်နေ့ကြားမှာ ထုတ်ပေးမယ်လို့ အမေရိကန်သံရုံးက ကြေညာထားပါတယ်။

လျှောက်လွှာကို လူဦးရေအကန့်အသတ်နဲ့ လက်ခံမှာဖြစ်ပြီး ဦးရာလူစနစ်ဖြစ်ပါတယ်။ အင်တာဗျူး လက်ခံမယ်၊ လက်မခံဘူးဆိုတဲ့ ရက်ချိန်းသတ်မှတ်ချက်ကို ဧပြီလ ၂၅ ရက်နေ့မှာ လျှောက်ထားသူရဲ့ အီးမေးလ်ကို အကြောင်းပြန်မယ်လို့ ဆိုပါတယ်။

အင်တာဗျူးမဲ့ ကာလကို မေလလယ်ကနေ ဇွန်လအထိ သတ်မှတ်ထားပါတယ်။ အမေရိကန်မှာ စာသင်နှစ်အစ ကျောင်းဖွင့်ချိန်က စက်တင်ဘာလဆန်းဖြစ်ပါတယ်။

အင်တာဗျူးလျှောက်လွှာကို ကျောင်းသားတစ်ယောက်အနေနဲ့ တစ်စောင်ပဲတင်ခွင့်ရှိမယ်လို့လည်း သတ်မှတ်ထားပါတယ်။

ဗီဇာအမျိုးအစားကတော့ ကောလိပ်၊ ဒါမှမဟုတ် တက္ကသိုလ်တခုခုမှာ ပညာသင်ဖို့ F ဆိုတဲ့ကျောင်းသားဗီဇာ၊ အသက်မွေးဝမ်းကျောင်းတစ်ခုခုမှာ ပညာသင်မဲ့ M ဆိုတဲ့ဗီဇာနဲ့ ပါမောက္ခတွေ၊ ဆရာ၊ ဆရာမတွေ၊ သုတေသီတွေအတွက် J ဆိုတဲ့ ဗီဇာဖြစ်ပါတယ်။

အသေးစိတ်ကို ဒီနေရာမှာ https://mm.usembassy.gov/visas/ ဖတ်ရှုနိုင်ပါတယ်။