ယင်းမာပင်နဲ့ ဆားလင်းကြီးက ဒေသခံတစ်သောင်းကျော် ထွက်ပြေးရ

စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၄ ရက် ဒီမနက်မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ကို နယ်မြေရှင်းလင်းရေးလုပ်တဲ့အတွက် ကျေးရွာ ၁၃ ရွာက အရပ်သားတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ် ပုသိမ်-မုံရွာ ကားလမ်းမဘေးက ကျေးရွာတွေကို ဒီမနက် ၂ နာရီဝန်းကျင်မှာ နယ်မြေရှင်းလင်းရေးလုပ်တာလို့ ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ် ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်း၊ ဖောင်းကားနဲ့ ယင်းမာပင်မြို့နယ် အောင်မိုး၊ မြပင်စီ၊ မြရွှေစည်၊ ဘိမ်းနွယ်ချောင်၊ ကျေးစာကျ၊ ပေကုန်း၊ ထန်းတောကြီး၊ ရွာသာနဲ့ ဝါးတန်းရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

အရပ်သားတွေဟာ ဦးတည်ရာမဲ့ ပြေးလွှားနေကြတယ်လို့ ယင်းမာပင်မြို့နယ်ဒေသခံ ကိုသက်ဦးက ပြောပါတယ်။

"ဒီမနက် ၂ နာရီတည်းက စစ်ကြောင်းက ဟန်ရေးပြနေတာပေါ့၊ မနက် ၄ နာရီမှာတော့ ယမားတံတားဘေးက ရွာတွေကို စဝင်နေပြီ၊ စမွှေနေပြီပေါ့၊ ပြည်သူတွေကတော့ ပြေးရတာပေါ့၊ အိုးနင်းခွက်နင်း ပြေးကြရတာ၊ ဘယ်နေရာကို ပြေးတာရယ်လို့ ပြောလို့မရဘူး၊ စစ်ကြောင်းလွတ်တဲ့နေရာ အများရှောင်ကြတဲ့နေရာ ပြေးကြတာပဲ"

မွေးကင်းစ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေပါမကျန် ပြေးလွှားခဲ့ရပြီး နီးစပ်ရာရွာတွေ၊ တောတောင်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။

ရွာတွေထဲကို နယ်မြေရှင်းလင်းရေးလုပ်တာနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့မနက် ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ အရပ်သား ၆၁၆,၅၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဒီဇင်ဘာလ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။