မန္တလေးအခြေစိုက် Voice Of Myanmar (VOM) သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ ကိုရှိုင်းအောင် တို့ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထားခဲ့ပေမဲ့ ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ ကိုနေမျိုးလင်းရဲ့ဇနီးက အမှုကိုရုပ်သိမ်းလို့ ပြန်လွတ်လာကြတာလို့ လောလော ဆယ်သိရကြောင်း RFA ကိုပြောပါတယ်။
"အခုသိရတာကတော့ အမှုရုပ်သိမ်းပေးတယ်ဆိုတာပဲ သိရသေးတယ်။ ကျန်တာ မသိရသေးဘူး။ အခုတော့ ထောင်ရှေ့မှာ စောင့်နေပါတယ်"
VOM သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင် တို့ဟာ ပြီးခဲ့တဲ့ဧပြီလ ၂၇ ရက်နေ့က စစ်ကောင်စီက ဆွေးနွေးစရာရှိတဲ့အတွက် လာခဲ့ဖို့ဖိတ်ခေါ်လို့ မန္တလေးနန်းတွင်းကို သွားရောက် ရာကနေ ဖမ်းဆီးခံခဲ့ရတာပါ။
ကိုနေမျိုးလင်းဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ ရက္ခိုင့်တပ်တော်(AA)အဖွဲ့နဲ့ ဆက်သွယ်မေးမြန်းတယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆို ခံခဲ့ရပြီးနောက် အိုးဘိုထောင်မှာ ၁၀ ရက်လောက် ထိန်းသိမ်းခံခဲ့ရာကနေ နောက်ပိုင်းမှာ စွဲဆိုထားတဲ့ပုဒ်မနဲ့ ငြိစွန်းမှုမရှိဘူးဆိုပြီး ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။