ဝိုင်းမော်မှာ အိမ်မီးလောင်မှုကြောင့် မိသားစု ခုနစ်ဦးသေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာက ဒီဇင်ဘာလ ၁ ရက် မနေ့ည ၁၁ နာရီအချိန်ခန့်က နေအိမ်တစ်အိမ် မီးလောင်ပြီး မောင်နှမအရင်း ကလေးခြောက်ဦးနဲ့ အဖွားတစ်ဦး၊ စုစုပေါင်း ခုနစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အိမ်ကပစ္စည်းတွေလည်း အကုန်ပါသွားပြီ။ မီးငြိမ်းဖို့အချိန်တောင် မရလိုက်ဘူး။ အိမ်အောက်က ဖယောင်းတိုင် ထွန်းထားတာက စလောင်တာလို့ ယူဆရတယ်။ နေအိမ်အောက်ထပ်မှာ ဓာတ်ဆီပုံးတွေရှိတော့ အဲက ပေါက်ကွဲပြီး မီးလောင်လာမှ သတိရတာပေါ့။ အဖွားရယ် ကလေး ခြောက်ယောက် အကုန်ပါသွားတယ်။ မူကြိုအရွယ်အထိ ပါသွားတယ်။ မီးလောင်သွားတော့ အောက်ထပ်က စလောင်တာ ဆိုတော့ သတိရလာတဲ့အချိန် အကုန်မီးထဲပဲပြန်ကျလို့ ထွက်မပြေးနိုင်ပဲ ပါသွားတာ" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေဆုံးသွားသူတွေထဲမှာ အသက် ၇၀ အရွယ်အဖွားအိုနဲ့ အသက် ၁၁ နှစ်အရွယ်မ မရန်ဂျာဆိုင်းနန်၊ အသက် ၉ နှစ်အရွယ် မ မရန်ဘောက်ဂျာ၊ အသက် ၇ နှစ်အရွယ် မ မရန်ရွယ်ဆိုင်း၊ အသက် ၆ နှစ်ရွယ် မ မရန်ထုရှန်၊ အသက် ၄ နှစ်အရွယ် မောင်မရန်မွန်းအောင် နဲ့ အသက် ၂ အရွယ် မောင်မရန်ရိန်ကျိန်တို့ မောင်နှမတွေ ဖြစ်တယ်လို့ပြောပါတယ်။

ဖခင်ဖြစ်သူက လယ်ယာထဲကို သွားနေတဲ့အချိန် မီးလောင်သွားတာဖြစ်သလို မိခင်ဖြစ်သူကလည်း နေအိမ်ထဲမှာ ရှိနေပေမယ့် မီးငြှိမ်းသတ်ဖို့ ရေသွားခပ် နေတဲ့အချိန် လန့်ပြီး သတိလစ်သွားခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါ တယ်။

မီးလောင်မှုအတွင်း ဆိုင်ကယ်တစ်စီး၊ လယ်ထွန်စက်အသေး၊ ကျပ်ငွေ သိန်းနှစ်ဆယ် ကျော်နဲ့ အိမ်တွင်းပစ္စည်း တွေလည်း အကုန်ပါသွားတယ်လို့ပြောပါတယ်။