ဝိုင်းမော်မှာပိတ်မိနေသူတွေ စားသောက်နေထိုင်ရေး အခက်အခဲဖြစ်နေပြီး တစ်ဦးသေဆုံး

စစ်ကောင်စီတပ်ကပိတ်ထားတဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၂) ရွာက ပြည်သူတစ်ထောင်ကျော် သောက်သုံးရေနဲ့ အစားအသောက်ပြတ်လပ်လာပြီး နေရာထိုင်ခင်းအခက်အခဲကြောင့် သေဆုံးသူပါရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုန်းကြီးကျောင်းထဲက မြေကြီးပေါ်နဲ့ ကြမ်းခင်းတွေမှာပဲ အိပ်နေရတာကြောင့် ဖျားနားသူတွေများလာပြီး မနေ့ညကလည်း အသက် (၈၇) နှစ်ရွယ် အဘွား ဒိန်ရိန်ကိုင် အသက်ရှူကျပ်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဆက်ဖြစ်နေတာကြောင့် ဒေသခံတစ်ထောင်ကျော် အောင်မြေ (၂) ရွာဘုန်းကြီးကျောင်းထဲမှာ စုနေကြရပြီး သောက်သုံးရေ အခက်အခဲဖြစ်လာပြီလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“လူကများတော့ သောက်သုံးရေတွေခက်ခဲနေတယ်။ အစားအသောက်တွေကလည်း ရွာမှာရှိတာက ကုန်လာပြီ။ တိုက်ပွဲတွေကလည်းဖြစ်နေတယ်။ ကျွန်မတို့နေတဲ့နေရာနဲ့ တစ်ဖာလုံတောင်မဝေးတဲ့နေရာမှာ လေယာဉ်နဲ့ လာပစ်နေတယ်။ ဆေးဝါးတွေက ပြတ်လပ်လာတယ်ဆိုတာထက် ရှိကိုမရှိတာဖြစ်ပါတယ်။ စစ်သားတွေကလည်း တချို့အိမ်တွေမှာဆို သူတို့နေနေကြတယ်။ အဲဒီအခါကျတော့ အိမ်တွေလည်းပြန်လို့မရဘူး၊ ဆေးဝါးတွေလည်း ယူလို့မရဘူး။ မနေ့ကလည်း အကောင်းပဲရှိနေတဲ့အဘွားက လူများတော့ အသက်ရှုကျပ်တယ်ဆိုပြီး ခဏအတွင်း ဆုံးသွားတယ်”

အသက်ကြီးသူတွေနဲ့ မန္တလေးကို ဆေးကုသွားရမယ့် အရေးပေါ် လူနာနှစ်ဦးကို သွားခွင့်ပြုဖို့ စစ်ကောင်စီတပ်ကို တောင်းဆိုခဲ့ပေမယ့် သွားခွင့်မပြုခဲ့ဘူးလို့လည်း ဆိုပါတယ်။

ပိတ်မိနေတွေကိုကယ်ထုတ်ဖို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) နဲ့ ဘာသာရေးခေါင်းဆောင်တွေ ကြိုးစားနေပေမယ့် တိုက်ပွဲဖြစ်နေတာကြောင့် ဒီနေ့မနက်အထိ မသွားနိုင်ကြသေးဘူးလို့ ကြိုးစားနေသူတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဝိုင်းမော်မြို့နဲ့ ဗန်းမော်မြို့လမ်းပိုင်းမှာ မတ်လ ၇ ရက်နေ့ကစပြီး တိုက်ပွဲတွေ စဖြစ်ခဲ့တာဖြစ်ပါတယ်။

အောင်မြေ (၂) ရွာမှာတော့ မတ်လ ၉ ရက်နေ့ကစ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနေ့မှာပဲ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီးသုံးဦး သေဆုံးခဲ့သလို ကလေးနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။