ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ AA ပါဝင်မှ တိုက်ပွဲတွေ ရပ်တန့်မည်

0:00 / 0:00

AA အဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်မှသာ ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ လက်နက်ကိုင်တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေးကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်လွှတ်တော်ထံ အကြောင်းပြန်ထားတယ်လို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက RFA ကို ဒီနေ့ပြောပါတယ်။

အဲဒီအကြောင်းပြန်စာကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးကို ဖြန့်ဝေထားတယ်လို့လည်းပြော ပါတယ်။

ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်ရဲ့ နှစ်ဘက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကို အမြန်ဆုံးရပ်ဆိုင်းပေးဖို့ ပြည်နယ်အစိုးရကနေ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။

ဒီအဆိုနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ်အစိုးရကနေတဆင့် ရခိုင်ပြည်နယ် လွှတ်တော်ကို ပြန်လည်အကြောင်းပြန်ခဲ့တာလို့ သိရပါတယ်။

အဲဒီအကြောင်းပြန်စာကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပေးပို့ခဲ့တာဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းပေးဖို့ဆိုတာ AA အဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေး လမ်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့သာ ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီတုံ့ပြန်ချက်နဲ့ပတ်သက်လို့ အဆိုကိုအတည်ပြုဖို့ထောက်ခံဆွေးနွေးခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အခုလိုပြောပါတယ်။

“အဆိုရှင်ရဲ့ဆိုလိုရင်းကတော့ နှစ်ဦးနှစ်ဘက်လုံးကို စစ်ရပ်စဲဖို့ဆိုလိုတာပါ။ လက်ရှိပကတိအခြေအနေမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ရပ်စဲပြီးတော့ စားပွဲဝိုင်းထဲမှာဆွေးနွေးကြပါ။ စားပွဲဝိုင်းထဲကိုသွားကြပါလို့ အဆိုရှင်ကဆိုလိုတယ်။ ဒါကြောင့် အဆိုရှင်ရဲ့အဆိုနဲ့ ပြည်ထောင်စုဘက်ကဖြေတဲ့အဖြေဟာ ကွဲလွဲနေတယ်လို့ ကျွန်တော်ယူဆပါတယ်”

အဆိုရှင်ဖြစ်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကတော့ သူ့အနေနဲ့ တစ်စုံတစ်ရာမှတ်ချက် မပြုလိုဘူးလို့ပြောပါတယ်။

AA ရက္ခိုင့်တပ်တော်ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစိုးရနဲ့တပ်မတော်ဘက်က နှောင့်နှေးကြန့်ကြာအောင်ဆောင်နေတာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“ငြိမ်းချမ်းရေးကိစ္စက ကျွန်တော်တို့ဘက်ကနေပြီးတော့ ကြန့်ကြာနေတာမဟုတ်ဘူး။ အစိုးရဘက်က ကြန့်ကြာအောင်လုပ်နေတဲ့အတွက်မို့လို့ ရှေ့မတိုးနိုင်ဖြစ်နေတယ်။ လွန်ခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က နောက်ဆုံး ဆွေးနွေးပွဲမှာဆိုလို့ရှိရင် Bilateral အထိသွားဖို့တောင်မှ အပြုသဘောဆောင်တဲ့သဘောထားတွေ၊ ဆုံးဖြတ်ချက်တွေရှိခဲ့ကြတာပေါ့။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ဗမာစစ်တပ်ဘက်နေပြီးတော့ AA ကိုနေပြီးတော့ ရခိုင်ဒေသမှာ လုံးဝလက်မခံနိုင်ဘူးဆိုတဲ့ သူတို့ရဲ့ တင်းမာတဲ့ သဘောထားပေါ့နော်၊ ရခိုင်တွေဘက်က လုံးဝလက်မခံနိုင်တဲ့သဘောထား အဲဒါကို သူတို့ဘက်ကထုတ်ပြောလာတာရှိတယ်။ ဗမာစစ်တပ်ဘက်က ငြိမ်းချမ်းရေးကိုဦးတည်တဲ့ အပြောအဆို၊ အလုပ်အကိုင်တွေကို သူတို့မလုပ်တဲ့အတွက်ကြောင့်မို့လို့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့အတွက်ကြောင့်မို့လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကြန့်ကြာနေတာဖြစ်တယ်”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“မြောက်ပိုင်းမဟာမိတ်တွေနဲ့တွေ့မယ်ဆိုပြီးတော့ NRPC ကလုပ်နေတာလည်းရှိတယ်။ ဇွန်လအတွင်းမှာပဲတွေ့ဖို့ ဆိုပြီးတော့ပေါ့။ အရင်တုန်းက မေလအတွင်းမှာလုပ်မယ်ဆိုတာ မအောင်မြင်ဘူး။ ဇွန်လအတွင်းမှာလုပ်မယ်၊ အဲဒီမှာနေရာကိုလည်း စကားပြောနေတာရှိတယ်။ နေရာနဲ့ပတ်သက်ပြီးတော့ အဓိက ကန့်ကွက်နေတာလည်း AA အဖွဲ့ပဲဖြစ်တယ်။ ကျွန်တော်တို့ အဲဒါနဲ့ပတ်သက်ပြီးတော့ NRPC က တာဝန်ရှိသူတွေကလည်း သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာလည်းပြောပြီးသားပါ။ ယခင်နေရာဘယ်လိုရွေးတယ်၊ ဘယ်နေရာဆိုပြီး ပြန်အဆိုပြု တယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ လုံခြုံရေးအရစိုးရိမ်ရတယ်ဆိုပြီး AA ဘက်ကပြောတဲ့အတွက်ကြောင့် တပ်မတော်ဘက်ကလည်း လုံခြုံရေးအာမခံချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ပြောထားပြီးသားဖြစ်တယ်။ ပြောပြီးနောက်ပိုင်းမှာလည်း ဒီအတိုင်းပဲပြန်လာနေတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် နှောင့်နှေးအောင် လုပ်နေတာက ဘယ်သူလဲဆိုတာ သူတို့သိမှာပါ”

AA ရက္ခိုင့်တပ်တော်ရဲ့ပြောခွင့်ရသူ ခိုင်သုခက တပ်မတော်အနေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက် သဘောထားတွေကို ပြောင်းလဲဖို့လိုအပ်သလို အခု ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာလည်း တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဖြစ်ပွားနေရတာလို့ဆိုပါတယ်။

တပ်မတော်ဘက်က ရခိုင်ပြည်နယ်မှာ ထိုးစစ်ဆင်တာတွေမလုပ်ဘူးဆိုရင် စစ်ပွဲတွေဟာ အတိုင်းအတာတစ်ခုအထိ ရပ်တန့်သွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာ အရင်က အဖြူရောင်နယ်မြေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဘယ်သောင်းကျန်းသူအဖွဲ့ကိုမှ လက်ခံမှာမဟုတ်သလို အခုလည်း သောင်းကျန်းသူနှိမ်နင်းရေး ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ်လွှတ်တော်ထံပေးပို့ခဲ့တဲ့ အကြောင်းပြချက်ဟာ လက်တွေ့မကျဘူးလို့ထောက်ပြပါတယ်။

“သိပ်တော့ လက်တွေ့မကျဘူးဗျ။ ပဋိပက္ခဖြစ်တယ်ဆိုတာ၊ ပြဿနာဖြစ်တယ်ဆိုတာ ဘက်နှစ်ဘက်ဖြစ်ကြ တာကိုး။ နှစ်ဘက်စလုံးက တာဝန်ယူရလိမ့်မယ်လို့ထင်ပါတယ်။ အမြန်ဆုံးတွေ့နိုင်ဖို့လိုတယ်။ ပကတိ အခြေအနေကိုလည်း အသိအမှတ်ပြုဖို့လိုတယ်။ ကြိုတင်စီမံ စည်းကမ်းသတ်မှတ်ချက်တွေ၊ တောင်းဆိုချက်တွေ ထားမနေဘဲနဲ့ ပကတိအခြေအနေကို အသိအမှတ်ပြုပြီးတော့ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရှိရင် ကျွန်တော်တို့ အဖြေရှာလို့ရမယ်လို့ထင်ပါတယ်”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်ကစပြီး တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲတွေပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေရပ်ဆိုင်းပြီး စားပွဲဝိုင်းမှာ အဖြေရှာဖို့ကို ရခိုင်တိုင်းရင်းသားတွေဘက်က အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ကော်မတီကို ပြီးခဲ့တဲ့မေလအတွင်းမှာ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ ကော်မတီကလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ အစီရင်ခံစာတင်ပြ ထားတယ်လို့ ကော်မတီတာဝန်ရှိသူတွေက စစ်တွေမြို့မှာ သတင်းထောက်တွေကိုပြောဆိုထားပါတယ်။

ဒါပေမဲ့ ဇွန်လ ၇ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက AA အဖွဲ့နဲ့ပတ်သက်လို့ ထိရောက်တဲ့စစ်ဆင်ရေးအတွက် လိုအပ်တဲ့အင်အားကို အသုံးပြုဖို့နဲ့ လိုအပ်ရင် ရဟတ်ယာဉ်တွေပါအသုံးပြုဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ စစ်ပွဲကြောင့် ထွက်ပြေးရသူ ငါးသောင်းနီးပါးခန့် ရှိနေပြီး အရပ်သား သေဆုံးမှု ၆၀ ခန့်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိနေပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့သည်)