မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Wave Money က စက်တင်ဘာလ ၉ ရက် ဒီနေ့ကစလို့ ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှု အသုံးပြုသူတွေအနေနဲ့ မဖြစ်မနေ မှတ်ပုံတင်ယူဆောင်လာရမယ်လို့ Wave Money က ထုတ်ပြန်ထားပါတယ်။
ငွေလွှဲ၊ ငွေထုတ် ပြုလုပ်တဲ့အခါ ပိုမိုလုံခြုံ စိတ်ချရစေဖို့ လုံခြုံရေး အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေတာကြောင့် အသုံးပြုသူတွေအနေနဲ့ မှတ်ပုံတင်ကို မဖြစ်မနေ ယူလာရမှာဖြစ်သလို အချက်အလက် အပြည့်အစုံကို ဖြည့်စွက်မှသာ ငွေလွှဲ၊ ငွေထုတ် လုပ်ငန်းစဉ် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
Wave Money အသုံးပြုသူတစ်ဦးကတော့ အခုပြောင်းလဲလိုက်တဲ့ စည်းမျဉ်းတွေကြောင့် သူ့အတွက် ဆက်လက်အသုံးပြုဖို့ ခက်စေတယ်လို့ RFA ကို ပြောပါတယ်။
“အရင်ကဆို ဖုန်းနံပါတ်ပေးလိုက်ရင် ရပြီ။ ငွေလွှဲတာပဲဖြစ်ဖြစ်၊ ငွေထုတ်တာပဲဖြစ်ဖြစ်။ အခုက အဲ့လိုသွားလေရာ မှတ်ပုံတင်ယူရမလို ဖြစ်နေပြီ။ ငွေလွှဲတာ၊ ငွေထုတ်တာက မှတ်ပုံတင်ပြစရာမှ မလိုအပ်တာ။ Wave Money အပိုတွေလုပ်ပြီး စစ်ကောင်စီအလိုကျ လိုက်လုပ်နေရတာလို့ မြင်တယ်။ အလုပ်မရှုပ်အောင်လို့ လွယ်ကူတာနဲ့ ငွေလွှဲပါတယ် ဆိုမှ အခုလိုတွေ ပြရမယ်ဆို ဘဏ်ကပဲ လုပ်တော့မှာပေါ့။ အခုအဲ့လိုမျိုးတွေနဲ့ ဆိုရင် တော့ မလွှဲတော့ဘူး။ အသုံးမပြုတော့ဘူး”
ဒီနေ့ကစလို့ Wave Money အသုံးပြုတွေရဲ့ မှတ်ပုံတင်ကတ်ကို ဓာတ်ပုံရိုက်ယူမှသာ ငွေလွှဲ၊ ငွေထုတ် ပြုလုပ်နိုင်အောင် Wave Money မိုဘိုင်းဆော့ဝဲကိုပါ ပြင်ဆင်ထားတာကြောင့် အေးဂျင့်တွေအနေနဲ့လည်း အလုပ်တွေ ပိုလာသလို ဒီနေ့မှာ ငွေလွှဲသူတွေလည်း နည်းလာ တယ်လို့ Wave Money ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
မိုဘိုင်း ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ငွေသွင်းနဲ့ ငွေထုတ် သူရဲ့ အမည်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊ ရှေ့နောက်ပုံ မိတ္တူ၊ ဖုန်းနံပါတ်၊ နေရပ် လိပ်စာ၊ ငွေလွှဲပို့တဲ့အကြောင်းအရင်း စတဲ့ အချက်အလက်တွေကို အပြည့်အစုံ ရယူထား ရမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဩဂုတ်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားထားပါ တယ်။
