ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကမ်းနီရွာမှာ မတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေး သုံးဦးနဲ့ အသက်သုံးဆယ်အရွယ် အမျိုးသမီး နှစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မြို့အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး ကမ်းနီရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ငါးဦးစလုံး နေရာမှာတင် သေဆုံးသွားတာလို့ ကမ်းနီရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မမြင့်မော်တို့ သားအမိ သုံးဦးနဲ့ နောက်ထပ်အမည်မသိရသေးတဲ့ သားအမိ နှစ်ဦး စုစုပေါင်း ငါးဦး သေတာပါ။ ကလေးငယ် သုံးဦးကတော့ ငါးနှစ်ကနေ ဆယ်နှစ်အတွင်းက မိန်းကလေး တစ်ဦးနဲ့ ယောက်ကျာ်းလေး နှစ်ဦး ပါပါတယ်"
သေဆုံးသွားသူတွေကိုတော့ မတ်လ ၁၃ ရက်နေ့ဒီနေ့ ကမ်းနီရွာသုသာန်မှာပဲ သင်္ဂြိုဟ်သွားမယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်တာမရှိတဲ့ ကမ်းနီရွာ အပါအဝင် အခြားရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မတ်လ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား - ဗန်းမော်လမ်းတစ်လျှောက်က တပ်စခန်းတွေနဲ့ စခန်းအများစုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။