လက်နက်ကြီးပေါက်ကွဲလို့ တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

0:00 / 0:00

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာမှာ မနေ့ညနေက လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင် ရွာသားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေဟာ ခမီတိုင်းရင်းသားတွေဖြစ်ပါတယ်။

ဒဏ်ရာရရှိတဲ့သူတွေထဲက တစ်ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို ပို့ဆောင်ထားပြီး ကျန်တဲ့နှစ်ဦး ကတော့ ပုဏ္ဏားကျွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်တော်နဲ့ အစိုးရတိုက်ပွဲတွေကြောင့် ဒေသခံတွေမှာ ရွာအပြင်ကိုမထွက်ရဲကြဘဲ နေအိမ်ထဲမှာပဲ ပုန်းခိုနေ ကြသလို ရွာသားတော်တော်များများကတော့ ပေါက်တောပြင် ယာယီစစ်ဘေးရှောင်စခန်းနဲ့ နီးစပ်ရာဆွေမျိုးအိမ်တွေ ကို ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ ပြောကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာအနီးတဝိုက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေဖြစ် ပွားနေတာ နှစ်လနီးပါးရှိပြီလို့ ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့ အခြေအနေကို ဂဏန်းမဲရွာသား ကိုအင်္ဂါအောင်က RFA ကို အခုလိုပြောပါတယ်။

“အမြောက်ကျတာက နှစ်အိမ်ကြားမှာကျတာ သုံးလုံးလောက်ဆက်တိုက်ကျတာ လက်နက်ကြီးကျည်ကျတော့ ဦးစိန်ထွန်းဆိုသူတော့ ဆုံးသွားတာပေါ့နော်၊ အဲနေရာမှာ ကျန်တဲ့လူတွေက ပုဏ္ဏာကျွန်းဆေးရုံမှာ နှစ်ယောက်ပေါ့ ၊ ဒဏ်ရာပြင်းတဲ့ အမျိုးသမီးတယောက်ကတော့ စစ်တွေဆေးရုံပို့လိုက်တယ်”

မနေ့ကလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် လူနေအိမ် ငါးလုံး ပျက်စီးခဲ့သလို နွားတစ်ကောင်လည်း သေဆုံးသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဘယ်ဘက်ကပစ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာလဲဆိုတာကိုတော့ ဒေသခံတွေက အတိအကျ ပြောနိုင်ခြင်းမရှိသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီလက်နက်ကြီးကျရောက်တာနဲ့ ပတ်သက်ပြီး တပ်မတော်ကတော့ ငြင်းဆိုပါတယ်။

“မနေ့တုန်းကတော့ ကန်ဇောက်တောင်ဘက်ခြမ်း ပေါက်ရှီပင်ရွာရဲ့အရှေ့မြောက်ဘက်လောက်မှာ ကျနော်တို့ တိုက်ပွဲဖြစ်ပါတယ်။ နှစ်နာရီကျော်ကြာလောက်ဖြစ်ခဲ့တယ်၊ ကျနော်တို့ဆီက ထိခိုက်ဒဏ်ရာရတာရှိတယ်၊ ဟိုဘက်ကတော့ အလောင်းနဲ့လက်နက်တွေရတာရှိတယ်၊ ကျနော်ပြောသလိုဘဲ ဘယ်ဘက်ကဆိုတာ စွပ်စွဲရတာ ခက်လိမ့်မယ်၊ ရွာသားထိခိုက်ဒဏ်ရာရကျဆုံးတာတော့ ကျနော်တို့ဆီက သတင်းရတာမရှိဘူး”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောသွားတာပါ။

ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့

“တိုက်ပွဲကြီးကြီးမားမားဖြစ်တာတော့မရှိဘူး ဒါပေမဲ့လို့ အဲဒီမှာ ဗမာစစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ အကုန်လုံးရမ်းသမ်းပစ်ခတ်တဲ့အတွက်ကြောင့်မလို့ အဲမှာရွာသားတွေ ထိခိုက်တာရှိတယ်”

ဒီနေ့အထိ ကျေးရွာထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲနေတာကြောင့် သေဆုံးသူရဲ့ ရုပ်အလောင်းကို သြင်္ဂိုလ်ဖို့တောင် အပြင်မထွက်ရဲကြဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒီညနေပိုင်းမှာဘဲ ဂဏန်းမဲရွာအပါအဝင် ကျေးရွာ ၆ရွာလောက်က ဒေသခံ ၅၀၀ကျော်ဟာ ပုဏ္ဏားကျွန်းမြို့ပေါ်ကို ထွက်ပြေးနေကြပါတယ်။

ရွာတွေထဲ လက်နက်ကြီးကျည်ကျတာ၊ တပ်မတော်စစ်ကြောင်းတွေ ကျေးရွာတွေနား ရောက်ရှိလာတာကြောင့် ဒေသခံတွေက စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးနေကြတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ရွာပေါင်းခြောက်ရွာကလူတွေ ရောက်နေတယ်၊ လက်နက်ကြီးကျတယ်၊လူသေတယ် နောက်တပ်မတော်စစ်ကြောင်းတွေ ရွာအနီးနားရောက်ရင်ပြေးလာတယ် အဓိက ကျောက်တန်း လိုမျိုးဖြစ် မှာကြောက်တာ ဝိုင်းပြီးပိတ်လှောင်ပြီး စစ်ဆေးမှာကိုကြောက်တာ”

လက်ရှိ ပုဏ္ဏကျွန်းမြို့ပေါ်မှာ စစ်ဘေးရှောင် ၅၀၀ကျော်၊ ပေါက်တောပြင်မှာ ၂၀၀၀ ကျော်လောက်ရှိပြီး စားနပ်ရိက္ခာနဲ့ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ လက်ရှိအချိန်အထိ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုအပေါ် RFA က ပြုစုထားတဲ့စာရင်းအရ အရပ်သား ၆၀ နီးပါးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀၀ ခန့်ရှိပြီဖြစ်ပါတယ်။